တရုတ် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာ

  • 14 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်ပို့ကုန်တွေကြောင့် စီးပွားရေးတိုး

တရုတ်ရဲ့ စီးပွားရေး တိုးနှုန်းက ပြီးခဲ့တဲ့ နှစ်တွေ မှာ တောက်လျှောက် အားကောင်းလာခဲ့တာဖြစ်ပြီး တခြားနိုင်ငံတွေ ရုန်းကန်နေရ ချိန်မှာတောင် တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းလောက် ပုံမှန်တက်နေခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကနဲ့ ယှဉ်ရင် လူနေမှု အဆင့်အတန်းလဲ တက်လာခဲ့ပါတယ်။

တစ်ဦးချင်း ဝင်ငွေက ၁၃ ဆ အထိ တက်လာပေမယ့် တရုတ် လူထု ရဲ့ တစ်ဦးချင်းဝင်ငွေဟာ သူတို့ အခု ကျော်တက်လိုက်တဲ့ ဂျပန် ပြည်သူတွေရဲ့ ဝင်ငွေနဲ့ နှိုင်းရင် အများကြီး နဲနေတုန်းပါပဲ၊

တရုတ်စီးပွားရေးရဲ့ အဓိက မောင်းနှင်အားက စျေးပေါတဲ့ လုပ်သား အင်အားဖြစ်ပြီး လူဦးရေများသလို လုပ်သား အင်အားများတဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ် သုံးဆယ်အတွင်း ကုန်ထုတ်လုပ်ငန်း ကြီးတွေ တဟုန်ထိုး တိုးတက်ခဲ့ပါတယ်။

တရုတ်ရဲ့ လူဦးရေ ကုန်ထုတ်စွမ်းအား နဲ့ စီးပွားရေး တိုးနှုန်း ပမာဏတွေ အားလုံးကို ကြည့်ရင် တရုတ်ဟာ လက်ရှိ ကမ္ဘာ့အကြီးဆုံး စီးပွားရေး ရှိတဲ့ အမေရိကန်ကိုတောင် လာမယ့် ၁၅ နှစ်အတွင်း ကျော်သွား နိုင်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပညာရှင်တွေ ခန့်မှန်းနေကြပါတယ်။

ဒါပေမယ့် တရုတ်ပြည်တွင်းမှာတော့ သူတို့ရဲ့ ဒီလို အောင်မြင်မှုကို သိတ်ပြီး ကြော်ငြာ ဂုဏ်ယူတာ မရှိဘူးလို့ တရုတ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါကလဲ တရုတ်ပြည်သူတွေဟာ သူတို့ နိုင်ငံ စီးပွားရေး အားကြီးလာနေတယ်ဆိုပေမယ့် သူတို့ တစ်ဦးချင်းစီကျတော့ ဂျပန်ထက်လဲ ဆင်းရဲ အမေရိကန်ထက်လဲ ဆင်းရဲ တယ်ဆိုတာကို သိနေကြလို့ပါ။ အထူးသဖြင့် လူအများစုကြီး နေကြတဲ့ ကျေးလက်တွေမှာပါ။

စီးပွားရေးတိုးတက်အောင် တွန်းလုပ်လာပေမယ့် ကြွယ်ဝလာတဲ့ ဓနဥစ္စာကိုကျတော့ ခွဲဝေရာမှာ မညီမမျှ ဖြစ်နေပါသေးတယ်၊

တရုတ်ရဲ့ လူငယ်တွေကလဲ သူတို့ မိဘတွေ လက်ထက်ကနဲ့ စာရင် ပညာပိုတတ်လာကြတယ်၊ အရင် မျိုးဆက်တွေလို လစာနဲနဲနဲ့ ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေ လုပ်ဖို့ ပိုပြီး ငြင်းဆန်လာကြတယ်။

အစိုးရအနေနဲ့လဲ ရေရှည်မှာ သူတို့ စီးပွားရေးကို ပိုပြီး မျှတအောင် ဂျပန်လို ဖြစ်လာအောင် လုပ်ဖို့ လိုတယ်ဆိုတာ သဘောပါက်ကြပါတယ်။

ဒါပေမယ့် အဲဒီလို ဖြစ်လာဖို့ ဆိုရင် အခြေခံကအစ ပြောင်းလဲမှုတွေ လုပ်ရမှာပါ၊

ဒါကြောင့် တရုတ်ရဲ့ စီးပွားရေးဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဖြစ်လာခဲ့ပြီ ဆိုရင်တောင် တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေလိုပြည်သူတွေ အကြား ဆင်းရဲ ချမ်းသာကွာဟမှု နဲအောင် တိုင်းပြည်ရဲ့ စီးပွားရေး ကို မျှမျှတတ ခွဲဝေ သုံးစွဲ မှုတွေရှိလာအောင် အချိန်ယူရဦးမယ်လို့လဲ ဘီဘီစီရဲ့ စီးပွားရေး သတင်းထောက် Andrew Walker က သုံးသပ်ပြခဲ့ပါတယ်။