Amazon သစ်တော ညစ်ညမ်းစေမှုနဲ့ Chevron ကုမ္ပဏီကို ဒဏ်တပ်

  • 15 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption Chevron ကုမ္ပဏီက ရေနံတူးမှုကြောင့် အမေဇုံ သစ်တော ညစ်ညမ်းခဲ့ရ

အီကွေဒေါနိုင်ငံရဲ့ အမေဇုံ သစ်တော ဧရိယာ အတော်များများကို ညစ်ညမ်းအောင် လုပ်ခဲ့မှုနဲ့အမေရိကန် ရေနံကုမ္ပဏီ Chevron ကို အီကွေဒေါ တရားရုံးက ဒေါ်လာသန်း ရှစ်ထောင် ဒဏ်ရိုက်လိုက်ပါတယ်။

Chevron ရဲ့ လက်ခွဲ Texaco ရေနံ ကုမ္ပဏီက ၁၉၇၂ နှစ်က စလို့ အဆိပ်သင့် ညစ်ညမ်းစေတဲ့ ပစ္စည်းတွေသုံးပြီး ရေနံတူးခဲ့ တာကြောင့် အမေဇုံသစ်တော မြောက်ပိုင်း တပြင်လုံးကို ညစ်ညမ်း ပျက်ဆီးသွားစေတယ်လို့ အစိုးရ ရှေ့နေ Pablo Farjardo က စွပ်စွဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကောက်ပဲသီးနှံတွေလည်း ပျက်ဆီးခဲ့ရပြီး ရေတွင်းရေကန်တွေ ပျက်ဆီးကာ ဒေသခံတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေခဲ့တယ်လို့ သူက ဆိုပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်က နည်းလမ်းမကျဘူး ၊ အတင်းအကျပ် ဖိအားပေးတာ ဖြစ်တယ်လို့ ဆိုကာ အယူခံဝင်မယ်လို့ Chevron ကုမ္ပဏီရဲ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။