နည်းပညာသုံးပြီး အစိုးရ ဆန့်ကျင်မှု လုပ်သူတွေကို US အစိုးရ ထောက်ပံ့

  • 16 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption Internet ကနေ အစိုးရ ဆန့်ကျင် လှုပ်ရှားမှုကို ဒေါ်လာ ၂၅သန်း ထောက်ပံ့မယ်လို့ မစ္စက်ကလင်တန် ပြောကြား

ကမ္ဘာတလွှားမှာ နည်းပညာနဲ့ အင်တာနက် သုံးစွဲမှုကို ကန့်သတ် ပိတ်ပင် ထားတဲ့ အစိုးရတွေ အာဏာရှင်တွေကို ဆန့်ကျင် လှုပ်ရှား နေတဲ့သူတွေ အတွက် အမေရိကန် အစိုးရက ဒီနှစ်အတွင်း ဒေါ်လာ ၂၅ သန်း ထောက်ပံ့ ပေးနေပါတယ်။

ဆင်ဆာ ဖြတ်တောက်မှုတွေကို ကျော်လွှားကာ နည်းပညာကို အသုံးချပြီးအင်တာနက် ကတဆင့် နိုင်ငံရေး တက်ကြွလှုပ်ရှားခဲ့ကြသူတွေကို လိုအပ်တဲ့ အဆင့်မြင့် နည်းပညာ ၊ ပစ္စည်း ကိရိယာ ၊ လေ့ကျင့် သင်ကြားမှုတွေနဲ့ ထောက်ပံ့ ကူညီပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း အရှေ့အလယ်ပိုင်းမှာ အင်တာနက်နဲ့ လက်ကိုင် မိုဘိုင်းလ် တယ်လီဖုန်း တွေကတဆင့် အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေကို စည်းရုံး လှုံဆော်နိုင်ခဲ့ပြီး တူနီးရှားနဲ့ အီဂျစ် သမ္မတတွေကို ရာထူးက ဖယ်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။