အီတလီဝန်ကြီးချုပ် တရားရင်ဆိုင်ရမယ်

  • 15 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption သူ့အမှုကို အမျိုးသမီး တရားသူကြီး သုံးဦးနဲ့ ကြားနားမှာ ဖြစ်ပါတယ်

အီတလီဝန်ကြီးချုပ် ဆီဗီယိုဘာလူစကိုနီ ဟာ အသက် ၁၇ နှစ်အရွယ် မိန်းကလေး တဦးကို ငွေပေးပြီး လိင်ဆက်ဆံခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပက်သက်ပြီး တရား ရင်ဆိုင် ရမယ်လို့ မီလန်မြို့ တရားရုံးတခု ကနေ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

အီတလီ ဥပဒေအရ အဲဒီအချိန်တုန်းက ဒီမိန်းကလေးဟာ ပြည့်တန်ဆာ လုပ်ဖို့ အသက် မပြည့်သေးတဲ့ အရွယ် ဖြစ်ပါတယ်။

မစ္စတာ ဘာလူစကိုနီကို စွဲထားတဲ့ နောက်တမှုကတော့ ဒီမိန်းကလေးကို ရဲစခန်းမှာ ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးအောင် လုပ်ခဲ့တယ်ဆိုတဲ့ အမှုဖြစ်ပါတယ်။

မစ္စတာ ဘာလူစကိုနီဟာ စွပ်စွဲချက်တွေကို ပယ်ချနိုင်ဖို့ ဥပဒေကြောင်းအရ ကြိုးစားခဲ့ ပေမယ့် လာမယ့် ဧပြီလမှာ စပြီး တရားရင်ဆိုင်ရမယ်လို့ မီလန်တရားရုံးက အမိန့်ချမှတ် လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ဘာလူစကိုနီကို သူ့အဖေလို သဘောထား တာပါတဲ့ (ကရီးမား)

သူ့အမှုကို အမျိုးသမီး တရာသူကြီး သုံးဦးနဲ့ ကြားနားမှာ ဖြစ်ပြီး၊ ၆ ကြိမ်တိုင်တိုင် တရား ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ တရားသူကြီးက ပြောပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး၊ မီလန်မြို့ခံ အမျိုးသား တဦးကတော့ အမှု မပြီးသတ်ခင် အချိန်အထိ ဝေဖန်မှုတွေ မလုပ်နိုင်ပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ဘာလူစကိုနီကတော့ ဒီစွပ်စွဲချက် တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောပါတယ်။ သူတို့ ၂ ဦးဟာ လိင်ဆက်ဆံမှု မရှိခဲ့ဘူးလို့ လည်း ၂ ယောက်စလုံးက ငြင်းဆို ထားပါတယ်။

သူ့ရဲ့ ညွန့်ပေါင်း အဖွဲ့ဝင်တွေကတော့ နိုင်ငံရေးအရ သူ့ဘက်က ရပ်တည်ပေးနေပေမယ့် အခုလို ဝန်ကြီးချုပ် တရားရင်ဆိုင်ရတာမျိုး အရင်က တခါမှ မရှိခဲ့ဘူးတဲ့အတွက် မစ္စတာ ဘာလူစကိုနီရဲ့ ဝန်ကြီးချုပ်ရာထူးအတွက် အခုကိစ္စဟာ ဥပဒေကြောင်းအရ ကြီးမားတဲ့ စမ်းသပ်မှုတခု ဖြစ်စေပါလိမ့်မယ်။