လစ်​ဗျားမှာ​ဆန္ဒ​ပြ​ပွဲတွေကူးဆက်

  • 16 ဖေဖော်ဝါရီ 2011
လစ်ဗျားခေါင်ဆောင်ဂဒါဖီ
Image caption လစ်ဗျားခေါင်ဆောင်ဂဒါဖီ

တူနီးရှားနဲ့ အီဂျစ်နှစ်နိုင်ငံကြားမှာရှိတဲ့ လစ်ဗျားက ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘန် ဂါ ဇီ မြို့မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

ရဲတွေက အစိုးရကို ဝေဖန် လေ့ရှိတဲ့ ရှေ့နေတစ်ဦးနဲ့ လူ့အခွင့် အရေး လှုပ်ရှားသူတစ်ဦးကို ဖမ်းဆီးရာက မကျေနပ်ကြလို့ အစိုးရရုံးတွေဆီ ချီတက်ပြီး ဆန္ဒပြကြတာပါ။

ထောင်ဂဏန်း ရှိတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အဲဒီမှာ ဆန္ဒပြ သူတွေနဲ့ ရဲတွေ၊ အစိုးရထောက်ခံသူ တွေကြား အဓိဂရုဏ်း ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ရဲတွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ လူစုခွဲခဲ့လို့ ဆန္ဒပြသူတွေ ကျဲသွားတယ်။ တမြို့လုံးမှာတော့ နှစ်ဘက်တင်းမာမှုတွေ ရှိနေတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

မနက်ဖြန် ကြာသပတေးနေ့မှာ တခြားနေရာတွေမှာလည်း ဆန္ဒပြကြဖို့ အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေက အင်တာနက်ကတဆင့် ဆော်သြ ထားပါတယ်။

အစိုးရရုပ်မြင်သံကြားမှာတော့ မြို့တော် ထရစ်ပိုလီမှာ အစိုးရထောက်ခံ သူတွေ ဆန္ဒပြကြတာကို ပြသပါတယ်။

နှစ်ပေါင်း ၄၀ ကျော်ကြာ အုပ်ချုပ်လာတဲ့ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ဂဒါဖီကိုယ်တိုင်လည်း ထောက်ခံဆန္ဒပြသူတွေနဲ့ ပူးပေါင်းပါဝင်ချင် ပါဝင်မယ့်သဘော ပြောပါတယ်။

ဗိုလ်မှုးကြီး ကဒါဖီကတော့ သူဟာ နိုင်ငံကို လူထုကော်မတီတွေကတဆင့် အဆက်ဆက် အုပ်ချုပ်ခဲ့တယ်လို့ အမြဲတမ်းပြောပေမယ့် ပြည်ပက နိုင်ငံတကာ လေ့လာ သုံးသပ်သူတွေ ကတော့ ဗိုလ်မှုးကြီးကဒါဖီဟာ လူထုကို တင်းတင်းကျပ်ကျပ်ချုပ်ကိုင် အုပ်ချုပ်နေတယ်လို့ မြင်ကြပါတယ်။

လစ်ဗျားဟာ ဒေသတွင်းက ဆန္ဒပြမှုတွေအနက် နောက်ဆုံးဖြစ်လာတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒေသတွင်းမှာ အလုပ်လက်မဲ့ပြဿနာ၊ အဂတိလိုက်စားမှုပြဿနာနဲ့ အာဏာအကြွင်းမဲ့ ချုပ်ကိုင်ထားမှုတွေကို မကျေနပ်လို့ လူထုက ဆန္ဒပြကြတာပါ။

အခုဆိုရင် ဘာရိန်း ကျွန်းနိုင်ငံလေးမှာ ဆန္ဒပြသူတွေက နိုင်ငံအလယ်ပိုင်းကို သိမ်းပိုက်ထားပါတယ်။

တိုင်းပြည် အာဏာရယူထားတဲ့ လူနည်းစု ဆွန်နီမွတ်ဆလင်တွေဆီကနေ လူများစုဖြစ်တဲ့ ရှီးယားမွတ်ဆလင်တွေက အခွင့်အရေးတွေ ပိုမိုတောင်းဆို ဆန္ဒပြနေကြတာပါ။

အထူးသဖြင့် တိုင်းပြည်အာဏာကို နှစ်ပေါင်း ၄၀ ကြာချုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ် နှုတ်ထွက်ဖို့ တောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်နဲ့ ယီမင်နိုင်ငံမှာလည်း အလားတူ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ လအတွင်းမှာလည်း တူနီးရှားနဲ့ အီဂျစ်မှာ သမ္မတတွေကို လူထုက ဆန္ဒပြမှုတွေကနေ ဖြုတ်ချခဲ့ပါတယ်။