ဆန္ဒပြမှုတွေ ဘာရိန်းကို ကူးစက်လာ

  • 17 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် BBC World Service

ဘာရိန်းနိုင်ငံ မာနာမာမြို့တော်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို မနေ့ညက မျက်ရည်ယိုဗုံးတွေ ရော်ဘာကျည်တွေနဲ့ ဖြိုခွင်းခဲ့ပြီးနောက် ကြာသပတေးနေ့ မှာ လက်နက်ကိုင် ရဲတွေ မြို့ထဲမှာ ကင်းလှည့်နေပါတယ်။

ဆန္ဒပြသမားတွေ ဆန္ဒပြနေကြတဲ့ ပုလဲရင်ပြင်က သပိတ်စခန်းကို လုံထိန်းတွေက ရှောင်တခင် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

ဆန္ဒပြနေသူတွေကို ပစ်ခတ်ခဲ့ရာမှာ အနည်းဆုံး လူ၃ဦး သေဆုံးပြီး ၃ဝဝ ထက်မနည်း ထိခိုက်ဒဏ်ရာရသွား တယ်လို့ ဘီဘီစီ သတင်းထောက်တဦးက ပြောပါတယ်။ သေဆုံးသွားသူတွေကို အနီးကပ် ဦးခေါင်းကို တေ့ပစ်တာလို့ သူကပြောပါတယ်။

ရဲကားတွေက ရင်ပြင်မှာ ကင်းလှည့်နေပြီး လမ်းတွေပေါ်မှာ သံချပ်ကာကားတွေ ချထားပါတယ်။

အနောက်အာဖရိက တူနီရှားနိုင်ငံက စခဲ့တဲ့ မတည်ငြိမ်မှုတွေဟာ အာရပ်ကမ္ဘာမှာ အရေးအပါဆုံးနိုင်ငံဖြစ်တဲ့ အရှေ့အလယ်ပိုင်းက အီဂျစ်နိုင်ငံကတဆင့် အခု ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ဘာရိန်းနိုင်ငံကို ပြန့်လာနေပါတယ်။

အခု ဘာရိန်းနိုင်ငံမှာ ကြီးထွားလာနေတဲ့ မတည်ငြိမ်မှုတွေဟာ လောလောဆယ် တူနီရှားနဲ့ အီဂျစ်နိုင်ငံတွေမှာ ဆန္ဒပြမှုတွေ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ခဲ့သလို ဖြစ်လာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

ဒီနိုင်ငံတွေအားလုံးမှာ မတည်ငြိမ်မှုတွေ ဖြစ်ရတာအတွက် တူညီတဲ့ အချက်တွေ ရှိကောင်းရှိကြသလို ဘာရိန်းမှာလဲ ဒေသအခြေခံအရ တူညီတဲ့ အချက်ရှိပါတယ်။

ဒါပေမဲ့ ဘာရိန်းဟာ ရေနံတင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်လို့ ဆင်းရဲတဲ့ နိုင်ငံတနိုင်ငံ မဟုတ်ပါဘူး။

ဘာရိန်းမှာ ဖြစ်ရတဲ့ မတည်ငြိမ်မှုတွေဟာ လူများစု ရှိအိုက်မူဆလင် တွေနဲ့ အုပ်ချုပ်သူ ဆွန်နီမူဆလင်တွေကြား နှစ်ပေါင်းများစွာ တစတစ ကြီးထွားလာခဲ့တဲ့ တင်းမာမှုတွေ ကြောင့် ဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာနေထိုင်နေကြတဲ့ ဆွန်နီမူဆလင်တွေကို နိုင်ငံသားပေးတဲ့ လက်ရှိ မူဝါဒကြောင့်လည်း လူများစု ရှီအိုက်တွေကြား မကျေနပ်မှုတွေ ပိုပြီးကြီးထွားလာစေခဲ့ပါတယ်။

အခု ဘာရိန်းအာဏာပိုင်တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အတော်လေး အင်အားသုံး ဖြိုခွင်းခဲ့တဲ့ ပုံပေါ်ပါတယ်။

ဒါဟာ အီဂျစ်နဲ့ ဘာရိန်း တို့ကြား ကိုင်တွယ်ပုံ နဲ့ပတ်သက်လို့ နောက်ထပ် ကွာခြားချက် တခု ဖြစ်ပါတယ်။

ဘာရိန်းနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဟာ တခြား ပင်လယ်ကွေ့နိုင်ငံအတော်များများလိုဘဲ သိပ်မကြီးမားလှ သလို လုံခြုံရေးတပ်ဖွဲ့ဝင်းတွေကိုလဲ တခြားမူဆလင်နိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန် ယီမင် စတဲ့နိုင်ငံတွေက စုဆောင်း ခေါ်ယူထားတာပါ။

ဒီတော့ သူတို့ဟာ ဒေသခံပြည်သူတွေဘက်ကို အီဂျစ်မှာလို ပါလာမဲ့ အလားအလာ မရှိပါဘူး။

နောက်တခါ ဘာရိန်းဟာ စစ်ရေးမဟာဗျူဟာအရ အဓိကကျတဲ့ အနေအထားမှာ ရှိပါတယ်။

အမေရိကန်တို့ရဲ့ ပဥ္းမမြောက် ရေတပ် တပ်မကြီး ဌာနချုပ် တည်ရှိပါတယ်။

နောက်ပြီး ဘာရိန်းဟာ ဆော်ဒီအာရေဗိဟားက ရှီအိုက်မူဆလင် အများစုနေထိုင်ရာ ဒေသနဲ့ လမ်းပန်းအဆက်အသွယ်ရှိနေတာကြောင့် ဘာရိန်းမှာ ဖြစ်နေတာကို ဆော်ဒီအစိုးရက အနီးကပ် စောင့်ကြည်နေမှာ သေချာပါတယ်။

နောက်တခါ ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ဘာရိန်းကို ဟိုးအရင်ကတည်းက စစ်ရေးအရ စိတ်ဝင်စားမှုရှိတဲ့ အီရန်ကလဲ စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။