ပင်လယ်ဓါးပြ နှိမ်နင်းဖို့က အာဖဂန် ငြိမ်းချမ်းရေးထက် ပိုခက်မယ်

  • 17 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆိုမာလီ ပင်လယ် ဓါးပြတွေ အကွက် ကျကျ လှုပ်ရှား

ဆိုမာလီ ပင်လယ်ဓါးပြတွေဟာ အရင်က ထင်ထားတာထက် စနစ်တကျ ကျွမ်းကျင် ပိုင်နိုင်စွာနဲ့ လှုပ်ရှားနေပြီး ဒါတွေကို နှိမ်နင်းရတာက အာဖဂန် နစ္စတန်မှာ ငြိမ်းချမ်းရေး ရအောင် လုပ်ရတာထက် ခက်ခဲလိမ့်မယ်လို့ ထိပ်တန်း အမေရိကန် အရာရှိ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း ပြန်ပေးအဖြစ် တောင်းခံရငွေ ဒေါ်လာ ခြောက်သန်း ရဲ့ အစွန်းထွက်လောက်သာ ပင်လယ်ဓါးပြတွေ လက်ထဲ ရောက်ခဲ့ပြီး ကျန်တဲ့ ငွေအများအပြား ကတော့ နိုင်ငံတကာက ရာဇဝတ် ဂိုဏ်းတွေဆီ ရောက်ကုန်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ပင်လယ်ဓါးပြ နှိမ်နင်းမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး Donna Hopkins က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

အိန္ဒိယ သမုဒ္ဒရာထဲမှာ ကင်းလှည့်ဖို့ သင်္ဘော အလုံအလောက် မရှိပါဘူး ၊ ဘဏ္ဍာရေး ထိန်းချုပ်မှုတွေ အပါအဝင် နည်းဗျူဟာတွေ ကျင်းသုံးပြီး နှိမ်နင်းဖို့ လိုနေပါပြီ ၊ ပင်လယ်ဓါးပြတွေကို ဆုပေး ဒဏ်ပေး စံနစ်တွေ ကျင်းသုံး သွားသင့်တယ် ၊ သူတို့ဟာ စနစ်တကျ အကွက်ချ စီစဉ်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေတာပါလို့ Donna Hopkins က ဆိုပါတယ်။

ပင်လယ်ဓါးပြတွေဟာ နိုင်ငံတကာ ရေပြင်ပိုင်နက် ဆိုင်ရာ အဖွဲ့အစည်းမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်း တွေဆီက တဆင့် သူတို့ ဖမ်းဆီး ဓါးပြတိုက်မယ့် သင်္ဘောတွေရဲ့ လမ်းကြောင်း အသွားအလာ သတင်းအချက်အလက်တွေကို ရတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ မစ္စက် ဟော့ပ်ကင်းက ပြောပါတယ်။