လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် တွေရဲ့ အရေး

  • 17 ဖေဖော်ဝါရီ 2011
rohingya ဓာတ်ပုံ မူပိုင် SUPARTAAFPGetty Images
Image caption အာချေး ရောက် နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေ

မြန်မာနိုင်ငံ အနောက်တောင် ပိုင်း ရခိုင် ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ပိုင်း ကနေ ပင်လယ်ပြင် ကို ဖြတ်ပြီး တခြား နိုင်ငံ တွေ ဆီ ကို ခိုလှုံဘို့ အသက်ကို ရင်းပြီး လှေစီးပြီး ပြေးကြ ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၃၀ နီးပါး ကို အင်ဒိုနီးရှားနိုင်ငံ အာချေး ပြည်နယ်နား က ကမ်းလွန် ပင်လယ်ပြင်မှာ ဒေသခံ တံငါသည်တွေ က တွေ့ရှိပြီး သတင်းပေး ကြလို့ နောက်ပိုင်း မှာ အင်ဒိုနီးရှား ရေတပ် က ကယ်တင်နိုင်ခဲ့ ပြီး ရာယာ ဆိပ်ကမ်း ကို သူတို့ ဗုဒ္ဓဟူးနေ့ က ရောက်ခဲ့ ကြပါတယ်။

အဲဒီ စက်လှေ ပေါ်မှာ ရိုဟင်ဂျာ ၁၂၉ ဦး ပါဝင်ပြီး အားလုံးဟာ အစာရေစာ ပြတ်လပ် တဲ့ လက္ခဏာ တွေ တွေ့ရကြောင်း နဲ့ သူတို့ ပင်လယ်ပြင် မှာ သီတင်း ၃ ပတ် ကြာ ခဲ့ တဲ့အ ကြောင်း အာချေး အင်ဒိုနီးရှား ရေတပ် က အရာရှိ မိုယာမက် ဇိုင်နီ က ပြောပြ ပါတယ်။

အခု တော့ သူတို့ ဟာ ကျန်းမာရေး အရ စောင့်ရှောက်မှု တွေ ရနေပြီ လို့ လည်း သူက ပြောပါတယ်။

လှေပေါ် ပါ လာသူတွေ က သူတို့ ကို မြန်မာ အစိုးရ က မတရား နှိပ်စက် ပြုမူ တွေကြောင့် အခုလို ထွက်ပြေးလာ တဲ့ အကြောင်း ပြောပြ တယ် လို့ လည်း အဲဒီ ရေတပ် အရာရှိ က ပြောပါတယ်။

ရိုဟင်ဂျာ တွေ ဟာ သူတို့ ကို မြန်မာနိုင်ငံ ကကော ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပါ နိုင်ငံသား အဖြစ် လက်မခံ တဲ့ အတွက် သူတို့ ကိုလက်ခံ နိုင်မယ့် မလေးရှား လို၊ အင်ဒိုနီးရှား လို နိုင်ငံ တွေ ဒါမှ မဟုတ် အရှေ့ အလယ်ပိုင်း နိုင်ငံ တွေ ကို ထွက်ပြေး ကြတာ ပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption အင်ဒိုနီးရှား ရေတပ် က သူတို့ ကို စောင့်ရှောက် ထား

အခု ရက်ပိုင်း တွေ အတွင်း လှေစီးပြေး ရိုဟင်ဂျာ တွေရဲ့ သတင်း တွေ က ထွက်ပေါ် ခဲ့သလို ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာ တွေ ပါလာတဲ့ အနည်း ဆုံး လှေ ၃ စီး ထိုင်း ကမ်းခြေ တွေ ဆီ ရောက်ခဲ့ ကြကြောင်း လည်း သိရ ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ရိုဟင်ဂျာ ၉၁ ဦး အိန္ဒိယ အန်ဒမန် ပင်လယ်ထဲ က ကျွန်းစုတွေ ဆီကို ရောက်ခဲ့ ကြပါတယ်။

သူတို့ ဟာ ဇန်နဝါရီ ၂၂ ရက်လောက်မှာ ထိုင်းနိုင်ငံ ကမ်းခြေ တခု ကို ဆိုက်ရောက် ခဲ့ ကြပေမယ့် ထိုင်း ရေတပ် က သူတို့ ကို ပင်လယ် ထဲ ပြန်မောင်း လွှတ် ခဲ့တဲ့ အကြောင်း လည်း သူတို့ က ဘီဘီစီ ကို ပြောပြ ကြ ပါတယ်။

ထိုင်း နိုင်ငံ ဟာ က သူတို့ ကမ်းကို ရောက်လာပြီး တဲ့ ရိုဟင်ဂျာ တွေ ကို တော့ ထိန်းသိမ်းရေး စခန်း တခု ထဲမှာ ထိန်းသိမ်း ထား ပါတယ်။

အဲဒီ စခန်း ထဲမှာ ရှိနေတဲ့ သူတွေထဲ ကို အခု တလော ထပ်တိုး လာတဲ့ ရိုဟင်ဂျာ အရေ အတွက် က ၁၃၅ ဦး ရှိ ပါတယ်။

အဲဒီ ထပ်တိုးလာတဲ့ သူတွေ ကို ဗုဒ္ဓဟူးနေ့ ကပဲ ကုလသမဂ္ဂ ယူအန် အိတ်ချ စီအာ က ပထမဆုံးအကြိမ် အဖြစ် တွေ့ ခွင့် ရခဲ့ ပါတယ်။

ယူအန် အိတ်ချ စီအာ ရဲ့ ပြောခွင့် ရ အမျိုးသမီး ကေတီ မက်ကင်းစီး က သွားတွေ့ ရတဲ့ ရည်ရွယ်ချက် ကတော့ သူတို့ ဟာ ဘယ်သူ တွေလဲ၊ ဘယ်က လာတာလဲ၊ ဘယ်လို ကာကွယ်စောင့်ရှောက်မှု ကို လိုချင် တာ လဲ ဆို တာ တွေကို သိရအောင် နဲ့ ထိုင်းအစိုးရ နဲ့ ပူးပေါင်း ဆောင်ရွက် ကာ သူတို့ ဟာ နိုင်ငံတကာ ရဲ့ ဥပဒေ တွေ နဲ့ အညီ ကာကွယ် စောင့်ရှောက် မှု ရအောင် သွားတွေ့ တာ လို့ ပြော ပါတယ်။

ထိုင်းနိုင်ငံ အနေ နဲ့ ထိုင်းမြန်မာ နယ်စပ် တလျှောက်မှာ ဒုက္ခသည် စခန်း ၉ ခု ရှိပြီး အဲဒီ မှာ ခိုလှုံ လာတဲ့ မြန်မာပြည် ဘက် က ဒုက္ခသည် တွေ အနေ နဲ့ ကုလသမဂ္ဂ ဆီမှာ ဒုက္ခသည် လျှောက်ခွင့် ကို ထိုင်း က ခွင့်ပြုထားပါတယ်။

ဒုက္ခသည် အဖြစ် စီစစ် မှု မှာ တော့ ထိုင်း အစိုးရ ဖက် က လည်း ပါဝင် စီစစ် ပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စမှာ တော့ ထိုင်း က အဲသလို ခွင့်မပြုထား ပါဘူး။

ဒီ အတွက် အခြား ဒုက္ခသည် အရေး တွေ နဲ့ မတူ ထူးခြား တဲ့ အခြေအနေ မှာ ရှိတဲ့ အကြောင်း ကုလသမဂ္ဂ အရာရှိ ကေတီ မက်ကင်းစီး က ပြောပါတယ်။

ဒေသတွင်းမှာ ဒီ ရိုဟင်ဂျာ ဒုက္ခသည် တွေရဲ့ အရေး ကိစ္စ ကို မြင်ကြပုံ၊ လက်ခံကြပုံ၊ ကိုင်တွယ် ဆောင်ရွက် ကြပုံ တွေ က မတူကြပါဘူး။

ဒါပေမယ့် အခုလို ပင်လယ်ပြင် ဖြတ်ပြီး ထွက်ပြေး လာကြတဲ့ ပြဿနာ က ရှိနေ ပါတယ်။

ပြီးခဲ့ တဲ့ ၂၀၀၉ ခုနှစ် အတွင်း အခုလို လှေစီးပြေး ဒုက္ခသည် အများအပြား ပင်လယ်ပြင် မှာ ပေျာက်ဆုံး ခဲ့ ရတာ တွေ လည်း ဖြစ်ခဲ့ ပြီးပါပြီ။

ဒါကြောင့် မို့ ကုသလမဂ္ဂ အနေနဲ့ ဒီအရေး ကို ဒေသတွင်း နိုင်ငံ တွေ ပေါင်းစု ဖြေရှင်း ရမယ့် ပြဿနာ တခု လို့ မြင်တဲ့ အကြောင်း နဲ့ အဲဒီ အတိုင်း လည်း တောင်းဆို နေ တဲ့ အကြောင်း ကုလသမဂ္ ယူအန် အိတ်ချ စီအာ ရဲ့ ပြောခွင့်ရ အမျိုးသမီး ကေတီ မက်ကင်းစီး က ပြော သွား ပါတယ်။