ဘာရိန်း အရေး နိုင်ငံ တကာ စိုးရိမ်

  • 18 ဖေဖော်ဝါရီ 2011
Bahrain ဓာတ်ပုံ မူပိုင် AP
Image caption ဘာရိန်း နိုင်ငံမှာ သံချပ်ကာ ကားတွေ လုံခြုံရေး ချထား။

အရှေ့ အလယ်ပိုင်း ဒေသမှာ မငြိမ် မသက်မှုတွေ အများအပြား ဖြစ်ပျက်နေတဲ့ အနက် ဘာရိန်း နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်ကို လေးစားဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟိလာရီ ကလင်တန်ကလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ အင်အားသုံး နှိမ်နင်းတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေး တံခါးဖွင့်ရေးကို ထောက်ခံပါတယ်လို့ ပြောခဲ့ပါတယ်။

ဘာရိန်းဟာ ပင်လယ်ကွေ့ဒေသက နိုင်ငံငယ်ကလေးဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားအရေးပါတဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။

ဘာရိန်းအစိုးရဟာ အနောက်နိုင်ငံတွေအပေါ်သစ္စာစောင့်သိတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။

ဒေသတွင်းမှာ အီရန်ရဲ့ အနောက်ဆန့်ကျင်ရေးကို တန်ပြန်ထိန်းညှိထားဖို့ အတွက် အနောက်နိုင်ငံတွေအားထားရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

အမေရိကန် ရေတပ်အင်အားအမြောက်အများ စခန်းချထားရာ နိုင်ငံလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ရှီးယားတွေက လူများစုဖြစ်ပြီး ဆိုနီတော်ဝင်မိသားစုက နိုင်ငံကို အုပ်ချုပ်ထားတဲ့ အချက်နဲ့ သူတို့ တော်ဝင်မိသားစုဟာ အနောက်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတဲ့ အချက်ဟာ အငြင်းပွားမှုတွေ ပဋိပက္ခတွေရဲ့ အကြောင်းဖြစ်နေပါတယ်။