ဘာရိန်းမှာ ဆန္ဒပြသူတွေကို ပစ်ခတ်နေ

  • 19 ဖေဖော်ဝါရီ 2011
Bahrain ဓာတ်ပုံ မူပိုင် Reuters
Image caption ထိခိုက်ဒဏ်ရာရသူတွေ ပို့ထားတဲ့ ဘာရိန်းက ဆေးရုံတစ်ခု

အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းနိုင်ငံတချို့မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေသလို အရှေ့အလယ်ပိုင်း ဘာရိန်းကျွန်း နိုင်ငံလေး မှာလည်း ဆန္ဒပြမှုတွေက အရှိန်မြင့်နေပြီး ဆန္ဒပြသူတွေကိုလည်း လုံခြုံရေးက ပစ်ခတ်နှိမ်နင်းမှုတွေ ရှိနေပါတယ်။

မြို့တော် မနားမားမှာ ဒီသီတင်းပတ် အစောပိုင်းက လုံခြုံရေးဖြိုခွင်းလို့ သေဆုံးခဲ့သူ လေးဦး ဇာပနကို လိုက်ပို့တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်တွေက ကျည်ဆံအစစ်နဲ့ပစ်ခတ်မှုရှိပြီး မျက်ရည်ယိုဗုံးတွေလည်း သုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လုံခြုံရေးတပ်တွေက ကြိုတင်သတိပေးမှုတွေ ကျည်ဆံအစစ်တွေနဲ့ လှမ်းပစ်တယ်။ လူတချို့ ထိမှန်ကုန်သလို ဆန္ဒပြသူတွေ ကစဉ့်ကလျား ထွက်ပြေးကြရတယ်။ လူ ၂၀ လောက် ဆေးရုံ ခေါ်သွားရပြီး တစ်ယောက် ကတော့ ခေါင်းကိုမှန်လို့ သေသွားတယ်။ လို့ ပြောပါတယ်။

အစိုးရဘက်က ပြောတာကတော့ အနည်းဆုံး လူ ၁၂၀ လောက် ဒဏ်ရာရ တယ်လို့ ဆိုပါတယ်။

လက်ရှိ ပြဿနာကို ဖြေရှင်းဖို့ ဘာရိန်း ဘုရင် ဟာမက်ကတော့ ပါတီအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကတိပေးလိုက်ပါတယ်။

ကဏ္ဍစုံက ပြည်သူပြည်သားတွေရဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်အောင် လုပ်ဆောင်ဖို့ အိမ့်ရှေ့မင်းသား ရှိတ် ဆယ်လ်မန် ဘင် ဟာမက် အယ်လ်ခါလီဖာ ကို အာဏာကုန်လွှဲထားတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ကြေငြာချက်တစ်ခုမှာက ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ်လည်းဖြစ်တဲ့ အိမ်ရှေ့မင်းသားဟာ စောစောပိုင်းတုန်းကတော့ ဆန္ဒပြသူတွေ နောက်ဆုတ်ဖို့ ပြောခဲ့ပါတယ်။

လူဦးရေ တစ်သန်းနီးပါးလောက်ပဲရှိတဲ့ ဘာရိန်းနိုင်ငံမှာ ဘုရင့်မိသားစုနဲ့ လူနည်းစုဖြစ်တဲ့ ဆွန်နီမွန်ဆလင်တွေက အုပ်ချုပ်ပြီး လူများစုဖြစ်တဲ့ ရှီးယားမွန်ဆင်တွေက တော့ သူတို့ ဖိနှိပ်ခံရတယ်၊ ခွဲခြားဆက်ဆံခံ ရတယ်ဆိုပြီး မကြာမခဏ မကျေနပ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အခု ဆန္ဒပြသူတချို့ကလည်း ဘုရင်မိသားစုကျဆုံးပါစေ ဆိုပြီး ကြွေးကြော်ဆန္ဒပြကြပါတယ်။

ဒီအရှေ့အလယ်ပိုင်းက ဆန္ဒပြသူသူတွေအပေါ် အစိုးရက အကြမ်းဖက် နှိမ်နင်းတာကို အနောက်နိုင်ငံတွေက ဝေဖန်ကန့်ကွက်ကြသလို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက လူ့အခွင့်အရေးချိုး ဖောက်မှုတွေအဖြစ် ရှုံ့ချလိုက်ပါတယ်။

ဗြိတိသျှအစိုးရကလည်း ဘာရိန်းကို ရောင်းချနေတဲ့ လက်နက်တင်ပို့မှုကို ပိတ်ထားလိုက်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကလည်း ဘာရိန်း၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံက အကြမ်းဖက် နှိမ်နင်းမှုတွေအပေါ် အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။