အရှေ့အလယ်ပိုင်းမတည်ငြိမ်မှု ဂယက်

  • 18 ဖေဖော်ဝါရီ 2011
ဘာရိန်းဆန္ဒပြမှုမြင်ကွင်း ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘာရိန်းဆန္ဒပြမှုမြင်ကွင်း

တူနီးရှားနိုင်ငံမှာ ဆန္ဒပြမှုတွေ စဖြစ်ပြီးကတည်းကဆိုရင် အခုဆို ၂လလောက်ပဲရှိပါသေးတယ်။အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ မရောင်းဖို့ ရဲရဲ့ အတားခံခဲ့ရတဲ့ လူငယ်တယောက် ကိုယ့်ကိုကိုယ် မီးရှို့ သတ်သေခဲ့အပြီး ဆန္ဒပြမှုတွေ စဖြစ်ခဲ့တာပါ။

အခုဆို အီရန်၊ ယီမင်၊ လစ်ဗျား၊ အယ်လ်ဂျီးရီးယားနဲ့ ဘာရိန်းနိုင်ငံတွေမှာ ဆန္ဒပြသူတွေကို အုပ်ချုပ်သူ အာဏာပိုင်တွေက အသည်းအသန် ထိန်းနေရပါတယ်။

တခြားအာရပ် နိုင်ငံတွေကလည်း သူတို့ အလှည့် ဘယ်တော့ ရောက်မလဲဆိုပြီး မျက်ခုံးလှုပ်နေကြပါပြီ။

အခု ဘာရိန်းနိုင်ငံမှာ ဖြစ်နေတဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေ ကြောင့် ဆော်ဒီအာရေဗျနိုင်ငံကို ရိုက်ခတ်နိုင်ဖွယ် ရှိပြီး အုပ်ချုပ်သူ တော်ဝင်မိသားစုအနေနဲ့ စိုးရွံ့ ထိတ်လန့်ကောင်း ထိတ်လန့်နိုင်ဖွယ် ရှိပါတယ်။

ဆော်ဒီ ဘုရင်ကြီးနဲ့ အိမ်ရှေ့ မင်းသားတို့ဟာ အသက်အရွယ် ကြီးရင့်နေကြပြီး နာမကျန်း ဖြစ်နေကြတာပါ။အာရပ်နိုင်ငံတွေမှာ ဆန္ဒပြမှုတွေ စမဖြစ်ခင် အချိန်ကတည်းကိုက ဆော်ဒီအာရေဗျနိုင်ငံမှာ မျိုးဆက်သစ် မင်းသားတွေကို အာဏာလွှဲပေးဖို့ ကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေတာပါ။

ဒီဆန္ဒပြမှုတွေကြောင့် ဆောင်ဒီနိုင်ငံမှာ အခုလို စိုးရိမ်မှုတွေ ဖြစ်မယ်ဆိုရင် အမေရိကန်၊ ဗြိတိန်နဲ့ တခြား အနောက်အုပ်စု နိုင်ငံတွေအနေနဲ့ ဘယ်လောက်တောင် ရတက်မအေး ဖြစ်ကြမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တွေ ရှိပါတယ်လို့ ဂုဏ်ယူနေကြတဲ့ အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ လူထုကို အနည်းနဲ့ အများဆိုသလို ဖိနှိပ်နေကြတဲ့ ဒီမိုကရေစီ မကျတဲ့ နိုင်ငံအစိုးရတွေကို နှစ်ပေါင်းများစွာ ထောက်ခံအားပေးနေခဲ့တာပါ။

ဒီလို လုပ်ခြင်းအားဖြင့် အနောက်အုပ်စုတွေအတွက် အပြောတမျိုး အလုပ်တမျိုး လို့ ပြောစရာဖြစ်ပေမဲ့ သံတမန်ရေးအရတော့ အတော့်ကို အသုံးဝင် အလုပ်

ဖြစ်ခဲ့ပါတယ်။အခုတော့ အသစ်ပြောင်းလဲလာနေပြီဖြစ်တဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေနဲ့ အနောက်အုပ်စု ဆက်ဆံရမဲ့ အခြေအနေမျိုးဖြစ်လာနေပါပြီ။