ဆေးရုံမှာ အလောင်းတွေ ပုံနေချိန်မှာ အသေအပျောက် အနည်းအကျဉ်းဘဲ ရှိတယ်လို့ပြော

  • 21 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဆေးရုံမှာ အလောင်းတွေ ပုံနေတာကို အသေအပျောက် နည်းနည်းလေးပါလို့ ပြောနေ

လစ်ဗျားနိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး အုံကြွမှုတွေ ကြီးထွားလာနေရာမှာ ထရစ်ပိုလီမြို့တော် မှာလည်း ပထမဆုံး အနေနဲ့ ဆန္ဒပြမှုတွေ ပြန့်နှံ့ဖြစ်ပေါ် ခဲ့ပါတယ်။

သေနတ်သံတွေ ဆက်တိုက်ဆိုသလို ကြားခဲ့ရပြီး လမ်းတွေပေါ်မှာလည်း အစိုးရ နှုတ်ထွက်ပေးရေး ကြွေးကြော်သံတွေကို လူအုပ်ကြီးက ဟစ်ကြွေးနေသံ ကြားနေရပါတယ်။

ဒါ့အပြင် ရဲစခန်း အပါအဝင် အဆောက်အဦး တော်တော် များများလည်း မီးလောင်နေတာ တွေ့ရတယ်လို့ သတင်းရရှိပါတယ်။

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီ ဘယ်ရောက်နေသလဲ ဆိုတာ မသိရသေးဘဲ ဖြစ်ပေါ် နေတဲ့ အခြေအနေ အသေးစိတ် သတင်းအချက်အလက် တွေကို တိတိကျကျ မသိရသေးဘဲ ဖြစ်နေပါတယ်။

အစောပိုင်းတုန်း ကတော့ ဘန်ဂါဇီမြို့မှာ ဆန္ဒပြ သမားတွေနဲ့ လုံခြုံရေး တပ်တွေ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ကြပြီး မြို့ရဲ့ နေရာ အတော်များများကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သမားတွေက ထိန်းချုပ် ထားနိုင်ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

ထိခိုက် ဒဏ်ရာရသူတွေ အတော်များတာကြောင့် ဆေးရုံပေါ်မှာ ဝန်ထမ်းတွေက အခြေအနေကို ကြိုးစား ဖြေရှင်းနေရပြီး တနင်္ဂနွေနေ့ နေ့လည် မှာတင် အလောင်း ငါးဆယ်လောက် ဆေးရုံရောက်လာတယ်လို့ ဆရာဝန် တယောက်က ပြောပါတယ်။

အခုအချိန်မှာ ခွဲထွက်ရေးသမားတွေရဲ့ လှုပ်ရှားမှုကြောင့် နိုင်ငံရဲ့ ညီညွတ်ရေးကို ခြိမ်းခြောက်နေပြီး တိုင်းပြည်ဟာ အရမ်းကို ဖရိုဖရဲ ပရမ်းပတာ ဖြစ်နေပါတယ်လို့ လစ်ဗျား ခေါင်းဆောင် ကဒါဖီရဲ့ သား Saif al-Islam al-Gadaffi က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို တိုက်ရိုက် မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။

ဘန်ဂါဇီမြို့မှာ အဓိကရုန်းကြောင့် လူအတော်များများ သေဆုံးခဲ့ပြီး အရေအတွက်က ၁၄ယောက်ထက် မကျော်ပါဘူး ၊ ဒါပေမယ့် ပြည်ပ သတင်းဌာနတွေက အကြမ်းဖက်မှုကို ပုံကြီးချဲ့ စွပ်စွဲ ပြောဆို နေပါတယ်လို့လည်း သူက ဆိုသွားခဲ့ပါတယ်။

လုံခြုံရေး တပ်ဖွဲ့ရဲ့ လက်နက် အင်အားသုံး ပစ်ခတ် နှိမ်နင်းမှုကြောင့် တက္ကသိုလ် နားတဝိုက်မှာ မီးခိုးလုံးတွေ တလိမ့်လိမ့် တက်လာတာ မြင်ရသလို မျက်ရည်ယို ဗုံးက ထွက်လာတဲ့ မီးခိုးငွေ့တွေကိုလည်း တွေ့ရတယ်လို့ မျက်မြင် သက်သေ တယောက်က ပြောပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမား အုပ်စုလေးတွေက တခြား မြို့တွေမှာလည်း ဆန္ဒပြခဲ့ကြတယ်လို့ အစောပိုင်းတုန်းက သတင်းတွေ ရရှိပါတယ်။

အာဏာပိုင်တွေက သတင်းသမားတွေကို လှုပ်ရှားခွင့်မပေးဘဲ ဆက်လက် တားမြစ် ထားတာကြောင့် အခြေအနေတွေရဲ့ အသေးစိတ်ကို သေသေချာချာ မသိရသေးပါဘူး။

ဥရောပ သမဂ္ဂ အနေနဲ့ လစ်ဗျားက ဒီမိုကရေစီတောင်းဆို ဆန္ဒပြမှုတွေကို ထောက်ခံ အားပေးနေမယ်ဆိုရင် အာဖရိက မြောက်ပိုင်းလူတွေ ဥရောပဆီ ခိုးဝင်လာတာကို နှိမ်နင်းရာမှာ ပူးပေါင်းကူညီမှုတွေ ရပ်ပစ်လိုက်တော့မယ်လို့ လစ်ဗျား အစိုးရက ဥရောပ သမဂ္ဂကို သတိပေး လိုက်ပါတယ်။

ဆန္ဒပြသူတွေကို လစ်ဗျား အစိုးရက လက်နက်နဲ့ နှိမ်နင်းနေတာဟာ လက်မခံနိုင်စရာဘဲ ၊ လက်နက်မဲ့ ပြည်သူတွေကို လက်နက်နဲ့ နှိမ်နင်းနေတာဟာ အင်အားမမျှဘူးလို့ ဥရောပ တိုင်းပြည် အစိုးရတွေက ထောက်ပြ ပြောဆိုနေပါတယ်။

လစ်ဗျားအစိုးရရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက ရှုတ်ချကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague ကလည်း ပြောကြားလိုက်ပါတယ်။