လစ်ဗျားက မပြေးဘူးဆိုတာ ရုပ်သံကနေ ကဒါဖီပြ

  • 22 ဖေဖော်ဝါရီ 2011
Image caption ရုပ်မြင်သံကြား ကနေ စက္ကန့် ၂ဝ လူလုံးထွက်ပြတဲ့ ကဒါဖီ

လစ်ဗျားနိုင်ငံက လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို အစိုးရက အကြမ်းဖက် နှိမ်နင်းနေမှုတွေ ရပ်သွားအောင် နိုင်ငံတကာက ဝင်ရောက် ဖြေရှင်းပေးဖို့ ကုလသမဂ္ဂမှာ ရှိတဲ့ လစ်ဗျားနိုင်ငံ ဆိုင်ရာ သံအရာရှိတွေက တောင်းဆို လိုက်ပါတယ်။

အာဏာပိုင်တွေရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကနေ လစ်ဗျားလူထုကို ကာကွယ်ရမယ်လို့လည်း ပြောပါတယ်။

ဒီအချိန်ဟာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ နောက်ဆုံးနေ့တွေ ဖြစ်ပြီး သူ့ကို တရားစွဲဆို စီရင်ဖို့ သင့်ပါတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကို ဝေဟင်ကနေ စစ်လေယာဉ်တွေနဲ့ ဗုံးကြဲ နှိမ်နင်းနေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ တရစ်ပိုလီ မြို့တော်ကို မပျံသန်းရ နယ်မြေအဖြစ် ကုလသမဂ္ဂ က သတ်မှတ်ပေးဖို့ နယူးယောက်မြို့က လစ်ဗျား သံအရာရှိ တွေက တိုက်တွန်းလိုက်ပါတယ်။

တမြို့လုံးဟာ ကြောက်ရွံ့ ထိတ်လန့်မှုတွေနဲ့ ဖုံးလွှမ်းနေတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီဟာ ထရစ်ပိုလီ မြို့တော်ကနေ ထွက်ပြေး သွားပြီ ဆိုတဲ့ အတည်ပြုလို့ မရတဲ့ သတင်းတွေ ထွက်နေပါတယ်။

ဒါပေမယ့် ဆန္ဒပြသမားတွေကို အကြမ်းဖက်နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း မစ္စတာ ကဒါဖီဆီကို ဖုန်းဆက်ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban-Ki Moon က ပြောပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ တယောက် ဗင်နီဇွဲလားနိုင်ငံကို ထွက်ပြေးသွားပြီ ဆိုတာကို လစ်ဗျား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ငြင်းပယ်ခဲ့ပါတယ်။

မစ္စတာ ကဒါဖီဟာ ရုပ်မြင်သံကြား ပေါ်မှာ ရုတ်တရက် ပေါ်လာပြီး သူ ထရစ်ပိုလီမြို့မှာ ရှိနေကြောင်းနဲ့ ဗင်နီဇွဲလားကို ထွက်ပြေးသွားပြီ ဆိုတာ ကောလဟာလ သတင်းဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက အစိုးရဆန့်ကျင်ရေး အဖွဲ့တွေကို ရှင်းလင်းပစ်နေပြီလို့ သူတို့ကိုယ်သူတို့ ယာယီလုံခြုံရေး ကော်မတီလို့ ပြောနေတဲ့ အဖွဲ့က ပြောပါတယ်။

အဲဒီ အစိုးရဆန့်ကျင်ရေး အဖွဲ့တွေဟာ လူငယ်တွေကို လမ်းမှားရောက်အောင် လုပ်ကြံဖန်တီး အယုံသွင်းနေတယ်တဲ့ အကြမ်းဖက် ဂိုဏ်းတွေ ဖြစ်တယ်လို့ ကော်မတီ အဖွဲ့က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

လစ်ဗျားနိုင်ငံက မငြိမ်မသက်မှုတွေကြောင့် ကမ္ဘာ့ ရေနံစိမ်းစျေးဟာ တစည်ကို တရာ့ရှစ် ဒေါ်လာထိ မြင့်တက်သွားပြီး ဒါဟာ သုံးနှစ်အတွင်း အမြင့်ဆုံးကို တက်သွားတာ ဖြစ်ပါတယ်။

အီတလီ စတော့ စျေးကွက်မှာ လစ်ဗျားနိုင်ငံ ဆိုင်ရာ အစုရှယ်ယာ စတော့စျေး တွေလည်း သိသိသာသာ ကျဆင်းသွားတယ်လို့ သိရပါတယ်။

အီတလီနိုင်ငံက စီးပွားရေး လုပ်ငန်းကြီး တော်တော်များများကို လစ်ဗျားက ပိုင်ဆိုင်ပြီး Juventus ဆိုတဲ့ ဘောလုံးအသင်း ကလည်း လစ်ဗျားပိုင် ဖြစ်ပါတယ်။

အခုလို မငြိမ်မသက်မှုတွေကြောင့် လစ်ဗျားနိုင်ငံနဲ့ ဆက်နွယ်တဲ့ ဥရောပက စီးပွားရေး ကုမ္ပဏီကြီးတွေလည်း အကျိုးစီးပွား ထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။