နယူးဇီလန် မြေငလျင် တမြို့လုံးနီးပါး ပျက်ဆီး

  • 22 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption မြေငလျင်ကြောင့် အနည်းဆုံးလူပေါင်း ၆၅ ဦး သေဆုံးသွားပါတယ်

နယူးဇီလန်နိုင်ငံ ဒုတိယအကြီးဆုံးမြို့ ခရိုက်ချာ့မှာ အင်အား ၆ ဒဿမ ၃ ရှိတဲ့ မြေငလျင် လှုပ်ခတ်သွားပြီးနောက် မြို့ရဲ့ မြင်ကွင်းဟာ လုံးဝ ကြေမွပျက်ဆီးသွားတဲ့ အခြေအနေမျိုး တွေ့မြင်နေရတယ်လို့ ဝန်ကြီးချုပ် ဂျွန်ကီးက ဖေါ်ပြ ပြောဆို လိုက် ပါတယ်။

အနည်းဆုံးလူပေါင်း ၆၅ ဦးလောက် သေဆုံး သွားပြီး၊ လူအများအပြားဟာ အပျက်အဆီး တွေ အောက်မှာ ပိတ်မိနေနိုင်တယ်လို့ ယူဆရ ပါတယ်။

ကယ်ဆယ်ရေးတွေဟာ ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ ညလုံးပေါက် ကြိုးစား ဆောင်ရွက်ခဲ့ကြပါတယ်။ လမ်းမတွေဟာ အက်ကွဲပြီး ပျက်တောက်ကုန်ကာ အထပ်မြင့် တိုက်တွေဟာလည်း ပြိုကျကုန်ပါတယ်။

ခရိုက်ချာ့ မြို့ရဲ့ အထင်ကရ အမှတ်အသား ဖြစ်တဲ့ ဘုရားကျောင်းဟာလည်း မြို့လယ် ရင်ပြင်ထဲမှာ ပြိုကျနေတာကို တွေ့ရပါတယ်။

Image caption ဒီမြို့အတွက်တော့ ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ် ပါပဲဗျာ (ဝန်ကြီးချုပ် ဂျွန်ကီး)

မြေငလျင်ဟာ လမ်းတွေပေါ်မှာ လူသွားလူလာ များတဲ့ နေလည်ပိုင်း အချိန်မှာ လှုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုးဝါးဆုံး မြေငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာတချို့ ကို သွားရောက် ကြည့်ရှုခဲ့တဲ့ မစ္စတာကီးက အခု ဖြစ်ရပ်ဟာ နယူးဇီလန်ရဲ့ ကံဆုံးမိုးမှောင် ကျခဲ့ တဲ့ အဆိုးဝါးဆုံးသော နေ့တနေ့ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

နေ့လည်ကြောင်တောင်ကြီး မျက်စေ့ရှေ့မှာတင် အဆောက်အဦးတွေ ပြိုလဲပျက်စီးသွားပုံကို ကိုယ်တိုင်ကြုံရသူ တယောက်က ဘုရားရှိခိုး ကျောင်းကြီးရဲ့ ထိပ်ဖျားဟာ ကျမမျက်စေ့ရှေ့ မှာတင် လဲကျသွားကြောင်း၊ ဒါမျိုးကို သူ့တသက် မှာ တခါမှ မမြင်ဖူးကြောင်းနဲ့ ဘုရားကျောင်းကြီး ပြိုလဲသွားတော့ ဖုန်တွေ သဲတွေက ဘုရားရှိခိုး ကျောင်းရှေ့မှာ လေထဲဝဲနေပါတယ်လို့ ပြောပြပါတယ်။

အဆောက်အဦးအပျက်အစီးတွေကြားမှာ လူတွေပိတ်မိနေကြပြီး၊ ကယ်ဆယ်ရေးသမား တွေက လူတွေကိုလိုက်ရှာရင်း သူတို့အသံကို ပိတ်မိနေတဲ့ လူတွေကြားအာင် အတတ်နိုင်ဆုံး ကြိုးစားပြီး အော်ဟစ်ခဲ့ကြပါတယ်။

ဒဏ်ရာရထားတဲ့ သူတွေက သူနာပြုယာဉ်နဲ့ သူနာပြုတပ်ဖွဲ့တွေကိုခေါ်နေကြတဲ့ အသံတွေကို လည်း မြို့ထဲမှာ ကြားနေရပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကျမ မျက်စိရှေ့မှာတင် ဘုရားကျောင်း ထိပ်ဖျား လဲကျသွားတာ....

ပေါက်ပြဲပျက်စီးသွားတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ ဝါယာကြိုးတွေကြောင့် စွဲလောင်နေတဲ့ မီးတွေ ကိုလည်း တပြိုင်တည်းမှာ ကြိုးစား ညှိမ်းသတ် နေကြရပါတယ်။

နယူးဇီလန်နိုင်ငံဟာ နှစ်စဉ်နှစ်တိုင်း အကြိမ် ထောင်သောင်းချီပြီး မြေငလျင်လှုပ်နေကျ တိုင်းပြည်တပြည်ဖြစ်ပေမယ့် အခုလောက် ဆိုးဆိုးဝါးဝါး သေကြေပျက်ဆီး တာမျိုးကို တော့ မကြုံဖူးဘူးလို့ ဆိုနေကြပါတယ်။