လစ်ဗျားကို လုံခြုံရေး ကောင်စီက ရှုတ်ချပြီ

  • 23 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် APTN
Image caption ကျွန်တော်ဟာ တောသား အရှုံးမပေးဘူး တိုက်သွား မှာဘဲလို့ ပြောနေတဲ့ ကဒါဖီ

လစ်ဗျားနိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တိုက်ခိုက်ပြီး တန်ပြန် ဆန္ဒပြကြဖို့ သူ့ထောက်ခံသူတွေကို ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီက ပန်ကြား လိုက်ပါတယ်။

မြင့်မြတ်တဲ့ လစ်ဗျား နိုင်ငံသားတွေက အစိုးရ ဆန့်ကျင်သူတွေကို လိုက်လံ ဖမ်းဆီးပြီး ရဲလက် အပ်ပေးကြပါလို့ တိုက်တွန်း လိုက်ပါတယ်။

အစိုးရကို ဆန့်ကျင် လက်နက်ကိုင်ဆောင်တဲ့ သူတွေကို အရေးယူမယ် လို့လည်း သူက ဆိုပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောပြီးတာနဲ့ မကြာခင် တရစ်ပိုလီမြို့မှာ သေနတ်သံတွေ လေထဲကို ပစ်ဖောက်နေတာ ကြားရတယ်လို့ အဲဒီမှာရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မီးရှုးမီးပန်း ပစ်ဖောက်တာ တွေ့ရပြီး မြို့ထဲမှာ ကားတွေ အရှိန်မြင့်မြင့်နဲ့ တရကြမ်းမောင်းကာ ဟွန်းတီးသံတွေ ဆူဆူညံညံ ကြားရတယ်လို့ သတင်းထောက်က ဆိုပါတယ်။

အစောပိုင်းတုန်းကတော့ တရစ်ပိုလီမြို့ဟာ တင်းမာမှုတွေနဲ့ ငြိမ်သက်နေပြီး လမ်းတွေပေါ်မှာ ပေါင်မုန့် တန်းစီတဲ့ လူတွေ ဓါတ်ဆီ တန်းစီတဲ့ လူတွေဘဲ ရှိတယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီး Abdel Fatah Yunes က ရာထူးကနှုတ်ထွက်ကြောင်း ကြေညာလိုက်ပြီး စစ်တပ်ကို ကဒါဖီဆန့်ကျင်ရေး အုံကြွမှုမှာ ပူးပေါင်းပါဝင်ဖို့ ဆော်သြ လိုက်ပါတယ်။

လစ်ဗျားနိုင်ငံမှာ အဆင့်မြင့် အရာရှိကြီးတွေ သံတမန်တွေ ရာထူးက နှုတ်ထွက်နေကြတဲ့ အထဲမှာ အခုနောက်ဆုံး ပြည်ထဲရေး ဝန်ကြီးက အစိုးရအဖွဲ့ ထဲကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံမှာ ဆန္ဒပြ နေတဲ့ အရပ်သား တွေကို လက်နက်နဲ့ အကြမ်းဖက် ပစ်ခတ် နှိမ်နင်း နေတဲ့ အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အရေးပေါ် အစည်းအဝေးမှာ ရှုတ်ချခဲ့ကြပြီး ဒီကိစ္စမှာ တာဝန်ရှိသူကို အရေးယူမယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေ အနေနဲ့ လူထုကို သတ်ဖြတ်နေမှုတွေ ရပ်ဖို့ တိုက်တွန်း လိုက်ပြီး အကြမ်းဖက်မှုတွေ အမြန် အဆုံးသတ်ပါလို့ လုံခြုံရေး ကောင်စီက ပန်ကြားလိုက်ပါတယ်။

ဆန္ဒပြသူတွေကို ဝေဟင်ကနေ ပစ်ခတ်တိုက်ခတ်မှုက ကာကွယ်နိုင်အောင် တရစ်ပိုလီ မြို့ကို လေယာဉ် မပျံသန်းရတဲ့ ဇုံအဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂ ဆိုင်ရာ လစ်ဗျားနိုင်ငံ လက်ထောက် သံအမတ်ကြီး Ibrahim Al Dabbash က တောင်းဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း လက်ထောက် သံအမတ်ကြီးရဲ့ ပြောဆိုချက်ကို လက်မခံတဲ့ သံအမတ်ကြီး Mohammed Shalgam ကတော့ စစ်လေယာဉ်တွေသုံးပြီး ဆန္ဒပြသူတွေကို နှိမ်နင်းနေတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ဆန္ဒပြသမားတွေကို လက်နက်သုံး နှိမ်နင်းနေတာဟာ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်က ရှုတ်ချ လိုက်ပြီး လစ်ဗျား နိုင်ငံကို အဖွဲ့ထဲက ထုတ်ပယ်ပစ်မယ်လို့ ပြောကြား လိုက်ပါတယ်။