လစ်​ဗျား​ခေါင်းဆောင်​ကို အီ​ရန်​သမ္မတဝေဖန်

  • 23 ဖေဖော်ဝါရီ 2011

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ ဆန္ဒပြပြည်သူတွေက အာဏာရှင် ခေါင်းဆောင်ကို အာဏာ လက်လွှတ်ဖို့ စုရုံးဆန္ဒပြခဲ့ပြီးနောက်မှာ မနေ့ညကတော့ လစ်ဗျား ခေါင်းဆောင် ကာနယ်ကဒါဖီက တိုင်းပြည်ကို ဒေါသတကြီး ခြိမ်းခြောက်လို့ မိန့်ခွန်းပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လစ်ဗျားနိုင်ငံမှာတော့ ကာနယ်ကဒါဖီကို ပြည်သူတွေက အကြီးအကျယ် ဆန္ဒပြကြ

စောစောပိုင်းကလည်း ဆန္ဒပြ ပြည်သူတွေကို ပစ်သတ်တာ၊ လေယာဉ်နဲ့ ဗုံးကျဲချတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းရဲ့ ထိပ်တန်းနိုင်ငံတနိုင်ငံ ဖြစ်တဲ့ အီရန်နိုင်ငံသမ္မတ အမာဒီ နီဂျက်ကတော့ လစ်ဗျားခေါင်းဆောင်ရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ရုပ်သံကနေ တိုင်းပြည်ကို ပြောကြားရင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်သတ်တဲ့လူ၊ ဗုံးကျဲချတဲ့သူ ရှိတယ်ဆိုတာကတော့ စဉ်စားလို့တောင် မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် တိုင်းပြည်ခေါင်းဆောင်လို့ ယူဆ တယ်ဆိုရင် တိုင်းပြည်က တောင်းဆိုတာ၊ ပြည်သူက လိုချင်တာကို ဖြည့်ဆည်း ပေးလိုက်ပါလို့ ပြောချင်ပါတယ်၊ လစ်ဗျားမှာ ဖြစ်နေတာတွေကို တကမ္ဘာလုံးက ထိတ်လန့်နေပါပြီ။ လူထုအသံကို နားမထောင်တဲ့ ခေါင်းဆောင်တွေအတွက် ကံကြမ္မာကတော့ ရှင်းနေပါပြီလို့ အီရန်သမ္မတက ပြောသွားပါတယ်။

တပြိုင်တည်းမှာပဲ ကဒါဖီရဲ့ ဒုတိယလက်ရုန်းလို့ နားလည်ထားကြတဲ့ လစ်ဗျား ပြည်ထဲရေးဝန်ကြီး Abdel Fath Yunes ကလည်း မနေ့က နုတ်ထွက်ပြီး ဆန္ဒပြ ပြည်သူတွေနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် REUTERS
Image caption ကွာလာလမ်ပူက လစ်ဗျားသံရုံးရှေ့ ဆန္ဒပြပွဲ မှာ ကာနယ်ကဒါဖီကို ဆန့်ကျင်ကြတယ်

ကာနယ်ကဒါဖီ အခုလို သူ့ဆန့်ကျင်သူ မှန်သမျှကို သတ်ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်နေပေမယ့် သူ့လက်အောက်မှာတော့ မြို့တော် ထရီပိုလီရဲ့ အစိတ်အပိုင်းတချို့နဲ့ တောင်ပိုင်းက ဆဗားမြို့လောက်ပဲ ရှိတော့တယ်လို့ လစ်ဗျားပြည်သူတွေက ယုံကြည်နေကြတယ်လို့လည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အာဖရိက ကနေ လစ်ဗျားနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်တဲ့ အာဖရိကန်တသန်းကျော်ဟာ နိုင်ငံတွင်းကနေ ထွက်ခွာသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အာဖရိကန်တွေ အနေနဲ့ ဥရောပကို သွားချင်တယ်ဆိုရင် လစ်ဗျားဟာ တဆင့်ခံနိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာရွှေ့ပြောင်းအဖွဲ့အစည်း IOM ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အာဖရိကန်တွေဟာ အများကြီးတော့ လစ်ဗျားကနေ ပြေးနိုင်မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ခရီးစရိတ်က ကြီးလွန်းလို့လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျားခေါင်းဆောင်ကို အီရန်သမ္မတ ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်

နိုင်ဂျီးရီးယားနိုင်ငံကတော့ လစ်ဗျားနိုင်ငံရောက် သူ့နိုင်ငံသား ငါးရာလောက်ကို ကယ်တင်သွားဖို့ စတင်လုပ်ကိုင်သွားမယ်လို့ ပြောလိုက်ပြီး ကင်ညာနိုင်ငံကလည်း သူတို့လည်း အလားတူ နိုင်ငံသား ကယ်ဆယ်ရေး လုပ်မယ်လို့ ပြောပါတယ်။

သတင်းတွေတချို့အရတော့ လစ်ဗျားမြို့တော် ထရီပိုလီမှာ အာဖရိကန် ၁၅၀ လောက်ဟာ ဆိုင်ရာသံရုံးလည်း သွားလို့ မရ၊ လေဆိပ်လည်း ထွက်ခွာလို့ မရဖြစ်နေတယ်လို့ သိရပါတယ်။

ပြင်သစ်သမ္မတ နီကိုလပ်ဇ် ဆာကိုဇီက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ဖိနှိပ်နေတဲ့ လစ်ဗျားနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်း လိုက်ဖို့ ဥရောပသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးတွေကို အကြီးအကျယ် အကြမ်းဖက်နှိမ်နင်းနေတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စောင့်ကြည့်နေရုံသက်သက် မလုပ်သင့်ဘူးလို့ လည်း ပြင်သစ်သမ္မတက ဆိုပါတယ်။

အီတလီနိုင်ငံခြားရေးဝန်ကြီး ဖရန်ကို ဖရက်တီနီကတော့ လစ်ဗျားမှာ သွေးချောင်း စီးနေပြီလို့ ပြောလိုက်ပြီး ခိုင်လုံတဲ့ သတင်းတွေ အရဆိုရင် အကြမ်းဖက်နှိမ်နင်းမှုတွေ အတွင်းမှာ လူပေါင်း ၁၀၀၀ ကျော်လောက် သေဆုံး ခဲ့ပြီလို့ ဆိုပါတယ်။