မြောက်​ကို​ရီး​ယားအငတ်ဘေး

  • 24 ဖေဖော်ဝါရီ 2011
မြောက်ကိုရီးယား ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြောက်ကိုရီးယားလယ်သမားတဦး

မြောက်ကိုးရီးယားနိုင်ငံမှာ လူတွေဟာ မြက်တွေကို စားနေရတဲ့အထိ အကြီးအကျယ် စားနပ်ရိက္ခာ ပြတ်လပ်ခဲ့ပြီး ထိတ်လန့်စရာ အဟာရ ချို့ယွင်းမှုတွေ ရှိနေတဲ့ အထောက်အထားတွေ တွေ့ခဲ့ရတယ်လို့ မြောက်ကိုးရီးယားက ပြန်လာခဲ့တဲ့ အကူအညီပေးအဖွဲ့ ၅ ဖွဲ့က ပြောပါတယ်။

မြောက်ကိုးရီးယား အစိုးရဟာ နိုင်ငံအတော်များများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးဖို့ အကူအညီတောင်းခံနေပြီး ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကလည်း မြောက်ကိုးရီးယားမှာ အခြေအနေတွေကို စီစစ်နေပါတယ်။

မြောက်ကိုးရီးယားမှာ စားနပ်ရိက္ခာ ပြတ်လပ်ချိန် မှာ လူတွေဟာ မြက်တွေ ပေါင်းပင်တွေနဲ့ အလေ့ကျပေါက်နေတဲ့ ဆေးဘက်ဝင်အပင်တွေ ရှာဖွေ စားသောက်ပြီးနေခဲ့ရတယ်ဆိုတဲ့ အထောက် အထားတွေ သူတို့တွေ့ခဲ့ရ မြင်ခဲ့ရတယ်လို့ အခုပြန်လာတဲ့ အကူအညီပေးအဖွဲ့တွေက ပြောပါတယ်။

ဒီလို မြက်တွေ စားသောက်နေရတာ ပုံမှန်ဘဲဖြစ်နေသလား ပုံမှန်ထက် ပိုသလားဆိုတဲ့ အတိုင်းအတာကိုတော့ ပြောဖို့ခက်တယ်လို့ ဆိုပါတယ်။

ဒီလအစောပိုင်းက အကူအညီပေးအဖွဲ့ ၅ ဖွဲ့ဟာ မြောက်ကိုးရီးယားအစိုးရရဲ့ ဖိတ်ကြားချက်အရ တပတ်ကြာ သွားရောက်ခဲ့ပါတယ်။

သူတို့ဟာ မြောက်ကိုးရီးယား အနောက်မြောက်ပိုင်းက အိမ်တွေ ဆေးရုံးတွေ မိဘမဲ့ ဂေဟာတွေ လယ်ယာမြေတွေ သိုလှောင်ရုံတွေ ကို သွားကြည်ခဲ့ကြပါတယ်။

သူတို့ မြောက်ကိုးရီးယားအစိုးရကို ရေးတင်တဲ့ အစီရင်ခံစာထဲမှာ လွန်ခဲ့တဲ့ ၂လက အအေးလွန်ကဲတာကြောင့် စိုက်ပျိုးခဲ့တဲ့ ဂျုံနဲ့ ဘာလီအပင်တွေ ၅၀% ကနေ ၈၀ % သေသွားခဲ့သလို အာလူးတွေလဲ အပင်မပေါက်ဘူးဆိုတာ ဖေါ်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ဆိုးရွားရွားအဟာရ ချို့တဲ့မှုတွေ ပိုများလာခဲ့တယ်လို့ သူတို့သွားကြည့်ခဲ့တဲ့ ဆေးရုံတွေရဲ့ အပြောအရ သိရပြီး သူတို့ကိုယ်တိုင်လဲ လောလောဆယ် အဟာရ ချို့တဲ့မှုတွေရှိနေတာကို တွေ့ခဲ့ရတယ်လို ဆိုပါတယ်။

မြောက်ကိုးရီးယား အစိုးရဟာ နိုင်ငံအတော်များများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးဖို့ အကူအညီတောင်းခံနေပြီး ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကလည်း မြောက်ကိုးရီးယားမှာ အခြေအနေတွေကို စီစစ်နေပါတယ်။