လက်နက်ကိုင် လက်စားချေဖို့ ကဒါဖီ ပြော

  • 26 ဖေဖော်ဝါရီ 2011
Gaddafi ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်မှူးကြီး ဂဒါဖီကို ထောက်ခံသူတွေ

လစ်ဗျားနိုင်ငံ ထရီပိုလီ မြို့တော်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ဖြစ်ခဲ့ ချိန်မှာပဲ လစ်ဗျား ခေါင်းဆောင် မွမ်မာ ကဒါဖီ က အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေ ကို တိုက်ခိုက် ချေမှုန်းပစ်ဖို့ သူ့ကို ထောက်ခံ သူ လူအုပ်ကြီးကို တိုက်တွန်းလိုက် ပါတယ်။

မြို့ရဲ့ တခြားနေရာတွေမှာလည်း သောကြာနေ့ ဘုရားဝတ်ပြုအပြီး လမ်းမတွေပေါ် ထွက်လာ ကြတဲ့ လူအုပ်တွေကို အစိုးရ ထောက်ခံတဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ မျက်မြင်သက်သေ တွေက ပြောပါတယ်။

အနည်းဆုံး လူ၇ဦး သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

တခါ အတိုက်အခံ အားပေးသူတွေကို အစိုးရ တပ်ဖွဲ့တွေက ဖယ်ရှားပစ်ဖို့ ကြိုးစားနေတဲ့ ထရီပိုလီ မြို့တော်နဲ့ ကပ်ရက် မဟာဗျူဟာပိုင်းအရ အရေးပါတဲ့ မြို့တွေမှာ နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အနောက်ပိုင်း မြို့နှစ်မြို့ဖြစ်တဲ့ မစ်ဆရာတာမြို့နဲ့ ဇာဝီယာ မြို့တွေမှာ အစိုးရ တပ်ဖွဲ့တွေ အခက်အခဲ တွေ့ခဲ့ရတယ်လို့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ သားတဦးဖြစ်တဲ့ ဆာအိဖ် က ဝန်ခံ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်ဖို့ ညှိနှိုင်းနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီနေရာတွေကို နောက်ထပ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်မှာ မဟုတ်ဘူးလို့ နိုင်ငံခြား သတင်းထောက် တွေကို သူက ပြောခဲ့ပါတယ်။

အစောပိုင်းတုန်းကလည်း ကဒါဖီ မိသားစုအနေနဲ့ လစ်ဗျားနိုင်ငံမှာပဲ နေပြီး လစ်ဗျားနိုင်ငံ မှာပဲ ခေါင်းချ အသက်အသေခံသွားမယ် ဆိုတဲ့ တခုတည်းသော စီမံကိန်း ချထားတယ်လို့ ပြောပါတယ်။

အခုလို လစ်ဗျားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံး ကူညီ ဖြေရှင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လုံခြုံရေးကောင်စီမှာ ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကလည်း လစ်ဗျားနိုင်ငံအပေါ် တခြားနိုင်ငံတွေက အရေးယူ ဆောင်ရွက်မှုတွေမှာ အတူ ပါဝင်မှာ ဖြစ်သလို အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း သီးသန့် ဒဏ်ခတ် အရေးယူမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ကလည်း လစ်ဗျားနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှု ပိတ်ပင်ရေး၊ ဗိုလ်မှူးကြီး ကဒါဖီနဲ့ တခြား လစ်ဗျား အစိုးရ ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ခွင့် မပြုရေး အဆိုပြုချက် မူကြမ်းတခုကို လုံခြုံရေး ကောင်စီမှာ တင်ပြခဲ့ကြပါတယ်။