လစ်ဗျားမှာ ပစ်ခတ်မှုတွေထပ်ဖြစ်

  • 25 ဖေဖော်ဝါရီ 2011
ဘန်ဂါလီမြို့ဆန္ဒပြသူများ ဓာတ်ပုံ မူပိုင် Getty
Image caption ဘန်ဂါလီမြို့ဆန္ဒပြသူများ

လစ်ဗျား နိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးပွား လာပုံရှိတဲ့ အတွက် လူတွေ ထောင်နဲ့ ချီပြီး နိုင်ငံကနေ ထွက်ပြေးနေကြပါတယ်။

လစ်ဗျား နိုင်ငံ Tripoli မြို့တော်မှာ ဗိုလ်မှူးကြီး ကဒါဖီကို သစ္စာစောင့်သိတဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ပစ်ခတ် ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောကြပါတယ်။ ပစ်ခတ်မှုကြောင့် လူ တစ်ယောက် သေဆုံး ခဲ့တယ် လို့လည်း မျက်မြင် တွေက ပြောပါတယ်။

လစ်ဗျား အခြေအနေ ကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပါဝင်ဆောင်ရွက်မှု နှေးကွေးနေတာကို အများက ဝေဖန်နေကြတဲ့ အတွက် ကနေ့မှာ နေတိုး အဖွဲ့ဝင် တွေ ဒီကနေ့မှာ ဘရပ်ဆဲလ် မြို့တော်မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ နေတိုး အဖွဲ့ အနေနဲ့ ဘာလုပ်သင့် တယ်၊ ဘယ်လို အရေးယူမယ် ဆိုတာတွေ ကို အရေးပေါ် တွေ့ဆုံ ဆွေးနွေးကြမယ်လို့ နေတိုး အတွင်းရေးမှူးချုပ် Anders Fogh Rasmussen အဲနက်စ် ဖို ရပ်စ်မူဆန် က ပြောပါတယ်။

ဥရောပ နိုင်ငံ တချို့က အာဏာပိုင်တွေက ဆိုရင် သူတို့ရဲ့ နိုင်ငံသားတွေ ပြန်ခေါ်နိုင်ရေးအတွက် စစ်ဖက်ဆိုင်ရာ အကူအညီရယူဖို့ ပြင်ဆင်နေကြ ပါပြီ။ ဒီအခါမှာ လူသားချင်းစာနာ တဲ့ အကူအညီ တွေ ပေးနိုင်ရေးလဲ ထည့်သွင်းစဉ်းစားရပါတယ်။ အထူးသဖြင့် မြေပြင် အခြေအနေ ဘယ်လို ဆိုးဝါးနေသလဲ၊ နိုင်ငံခြားသား တွေ လစ်ဗျားနိုင်ငံထဲမှာ ဘယ်လိုပိတ်မိ သောင်တင်နေကြ သလဲ ဆိုတာတါတွေ အပါအဝင် ဖြစ်ပါတယ်။

နေတိုးဆွေးနွေးပွဲ ထဲမှာ ဗြိတိန်၊ ပြင်သစ် နဲ့ အီတလီ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ အိုဘားမား က လစ်ဗျားခေါင်းဆောင်ပိုင်း ကို သံတမန် ရေးရာ ဖိအားပေးမှုတွေ ဘယ်လို တိုးမြင့် ဆောင်ရွက်သင့်တယ် ဆိုတဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှု လဲ ပါဝင်မှာပါ။

လစ်ဗျားခေါင်းဆောင် ကဒါဖီကလဲ မြို့တော် ထရစ်ပိုလီ ကို အခိုင်အမာ တင့်ကားတွေ စစ်တပ်တွေနဲ့ တပ်ဆွဲ ထားသလိုအတိုက်အခံ အုပ်စု ပြည်သူတွေဘက် ကလဲ ထရစ်ပိုလီ ဆီ ချီတက်ဖို့ စိုင်းပြင်းနေပေမဲ့ စစ်တပ်တွေ ပိုမိုပူးပေါင်းမှု ရှိပါမှ လစ်ဗျားနိုင်ငံသစ် ကို ဦးဆောင်နိုင်မဲ့ ပုံစံကို သက်သေပြနိုင်မှာ ဖြစ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက်တွေက သတင်းပေးပို့လိုက်ပါတယ်။