လစ်ဗျားကို ပိတ်ဆို့မှု လုပ်ဖို့ ကုလ စီစဉ်

  • 27 ဖေဖော်ဝါရီ 2011
Security Coucil ဓာတ်ပုံ မူပိုင် AFP
Image caption လစ်ဗျားကို လုံခြုံရေး ကောင်စီမှာ အရေးယူဖို့ ဆွေးနွေး

ထရီပိုလီမြို့ ပတ်ပတ်လည်မှာ လုံခြုံရေး တင်းတင်း ကြပ်ကြပ် ချထားချိန်မှာ လစ်ဗျားကနေ မိုင်ထောင်ချီ ဝေးတဲ့ နယူးရောက်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ လစ်ဗျား ခေါင်းဆောင်တွေကို ဒဏ်ခပ် ပိတ်ဆို့မှုတွေ လုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ စစဉ်းစားနေပါပြီ။

လောလောဆယ် ရေးဆွဲထားတဲ့ မူကြမ်းထဲမှာ လစ်ဗျားကို လက်နက် ရောင်းချမှု ပိတ်ဆို့မဲ့ ပြဌာန်း ဆုံးဖြတ်ချက်ချဖို့နဲ့ ဂဒါဖီနဲ့ သူ့မိသား စုဝင်တွေ၊ နောက် ထိပ်တန်း အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင် မှုတွေကို အပြောင်း အရွှေ့ မလုပ်နိုင်အောင် ထိန်းချုပ် ထားဖို့တို့ ပါဝင်ပါတယ်။

တခါ လစ်ဗျား အစိုးရကို သူတို့ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုကြီးတွေ အတွက် The Hague မြို့က အိုင်စီစီ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုရုံးကို ချက်ချင်းပို့ဖို့ လုံခြုံရေးကောင်စီက ထောက်ခံ တင်ပြထားပါတယ်။

အဓိက ကျတဲ့ ခု လစ်ဗျား အစိုးရကို အိုင်စီစီ တင်ဖို့ ကိစ္စမှာ ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကြား သဘောထား တညီတညွတ်ထဲ မရှိသေးဘူးလို့ ဘီဘီစီ သတင်းထောက် ဘာဘာရာ ပလက်က နယူးရောက်ကနေ သတင်း ပေးပို့ထားပါတယ်။

အစပိုင်းမှာ ဥရောပ နိုင်ငံ အများစု အပါအဝင် နိုင်ငံ လေးနိုင်ငံက လစ်ဗျားကို အိုင်စီစီ ချက်ချင်း တင်ဖို့ ထောက်ခံ တင်ပြကြပြီး တချို့ နိုင်ငံတွေက အိုင်စီစီ တင်ဖို့ကို မူအားဖြင့် သဘောတူပြီး ချက်ချင်းတင်ဖို့ ကိစ္စကို ဘဝင် မကျကြပါဘူး။

ဒါပေမယ့် ဒီနိုင်ငံတွေက နောက်ပိုင်းမှာ အိုင်စီစီ ချက်ချင်း တင်ဖို့ သဘောတူလာပြီး အိုင်စီစီ တင်ဖို့ ဆန့်ကျင်နေတာ တရုတ် တနိုင်ငံပဲ ကျန်ပါတယ်။

တရုတ်က တခြား ပိတ်ဆို့မှုတွေကို လက်ခံပေမယ့် အိုင်စီစီ ကိစ္စကို ကန့်ကွက်နေပြီး သူတို့ ဘယ်လို မဲပေးမလဲဆိုတာ မကြာခင် သိရတော့မှာပါ။

တဘက်မှာ ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင်တွေက တနိုင်ငံချင်း အနေနဲ့ လစ်ဗျား အစိုးရကို ထပ်ပြီး ဖိအား ပေးလာခဲ့ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက နိုင်ငံ ခေါင်းဆောင် တယောက်ဟာ သူ့ပြည်သူ ပြည်သား တွေကို အကြမ်းဖက် နှိမ်နင်းတဲ့ နည်းနဲ့သာ အာဏာကို ဆက်ယူထားနိုင်တဲ့ အခြေအနေမျိုး ရောက်နေပြီ ဆိုရင် ဒီခေါင်းဆောင်ရဲ့ ခေါင်းဆောင်မှုဟာ တရား မဝင်တော့တဲ့ အတွက် ချက်ချင်း ဆင်းပေးသင့်ပြီလို့ ပြောလိုက်ပါတယ်။

နိုင်ငံတကာက ခုလို ဖိအား ပေးနေချိန်မှာ ဗိုလ်မှုးကြီး ဂဒါဖီရဲ့သားက လစ်ဗျားမှာ မငြိမ်သက် မှုတွေ ဆက်ဖြစ်နေရင် တိုင်းပြည် ပြိုကွဲပြီး နှစ်ပေါင်း များစွာကြာ မတည်ငြိမ် မှုတွေ ဖြစ်လာ လိမ့်မယ်လို့ သတိပေး နေပါတယ်။