ပြည်သူတွေက သူ့ကို ချစ်ပါတယ်လို့ ကဒါဖီ ပြောကြား

  • 1 မတ် 2011
Image caption ဘီဘီစီ သတင်းထောက်နဲ့ ကဒါဖီ

လစ်ဗျားနိုင်ငံမှာ လူထုက သူ့ကို ချစ်ကြပါတယ် ၊ လစ်ဗျား ပြည်သူ အစစ်အမှန်တွေက ဆန္ဒပြတဲ့အထဲမှာ မပါကြပါဘူးလို့ ဗိုလ်မှူးကြီး ကဒါဖီက ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

ဆန္ဒပြ သမားတွေဟာ အယ်ကိုင်းဒါးတွေရဲ့ မူးယစ်ဆေးဝါး တိုက်ကျွေး ခံထားရတာပါလို့ ကဒါဖီက ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသမားတွေက လက်နက်တွေ ခိုးယူသွားပေမယ့် လုံခြုံရေး တပ်ဖွဲ့တွေကို သူတို့ကို ပြန်မပစ်ပါနဲ့လို့ မှာကြားထားကြောင်း သူက ဆိုပါတယ်။

အနောက် နိုင်ငံတွေနဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ ပေမယ့် အခု ကိစ္စမှာ သူ့အနေနဲ့ သစ္စာဖောက်ခံ ရသလို ခံစားရပြီး အဲဒီနိုင်ငံတွေက လစ်ဗျားကို ကျွန်ပြုဖို့ ကြိုးစား နေတယ်လို့လည်း ဗိုလ်မှူးကြီး ကဒါဖီက ပြောပါတယ်။

ပြည်ပမှာ သူ့ရဲ့ ပိုင်ဆိုင်မှု ဥစ္စာတွေ ရှိတယ်ဆိုရင် သက်သေပြပါလို့

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ကို ကဒါဖီက စိန်ခေါ်လိုက်ပါတယ်။

ဒါ့အပြင် သူရာထူးက နှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ထပ်တလဲလဲ ဆိုသွားခဲ့ ပါတယ်။

လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီဟာ ကယောင်ချောက်ခြား ဖြစ်နေပြီး နိုင်ငံကို ခေါင်းဆောင်ဖို့ မသင့်တော့ဘူးလို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan Rice က ပြောပါတယ်။

ကဒါဖီရဲ့ အင်တာဗျုးကို ရည်ညွန်းကိုးကားပြီး ပြောကြားရာမှာ သူ့နိုင်ငံက ပြည်သူတွေကို ပစ်သတ် နှိမ်နင်းနေပြီး တဖက်မှာ သူက နိုင်ငံတကာ သတင်းထောက်တွေနဲ့ ရယ်မော စကားပြောနိုင်တယ် ဒါဟာ တကယ် လက်တွေ့ ဖြစ်ပျက် ခံစားနေရတဲ့ ပြည်သူတွေနဲ့ သူနဲ့ တသားတည်း မရှိဘူးဆိုတာ ပြနေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ လူထုကို ဗိုလ်မှူးကြီး ကဒါဖီက သတ်ဖြတ်နေမှု ရပ်သွားအောင် ဘယ်နည်းနဲ့ ဖိအားပေးရမလဲ ဆိုတာကို အနောက်နိုင်ငံက ခေါင်းဆောင်တွေ ဆွေးနွေးနေကြပါပြီ။

လစ်ဗျားနိုင်ငံ တဝိုက်မှာ သူတို့ရဲ့ လေတပ် ရေတပ်တွေက နေရာယူနေပြီလို့ အမေရိကန် စစ်တပ်က ပြောပြီး လစ်ဗျား အစိုးရရဲ့ ဆောင်ရွက်ချက်ပေါ် မူတည်ပြီး အင်အား အတိုးအလျော့ လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တခြားနိုင်ငံ အတော်များများက လစ်ဗျားနိုင်ငံအပေါ် မပျံသန်းရနယ်မြေ အဖြစ် သတ်မှတ်ဖို့ စဉ်းစားနေကြသလို စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ လုပ်ဖို့ သုံးသပ်နေတယ်လို့ ပြင်သစ်ကလည်း ပြောပါတယ်။

လစ်ဗျားနိုင်ငံက နေရာအတော်များများမှာ မနေ့က တရက်အတွင်းမှာတင် တိုက်ခိုက်မှုတွေ အဓိကရုန်းတွေ ဖြစ်ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

တရစ်ပိုလီ မြို့တော်နဲ့ ကီလိုမီတာ ၂ဝဝလောက်သာ ကွာတဲ့ မစ်စရာတာမြို့ တဝိုက်မှာ အစိုးရ ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြား တင်းမာမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

မြို့ကို အစိုးရ ဆန့်ကျင်ရေး သမားတွေက ထိန်းချုပ်လိုက်ပြီ ဖြစ်ပေမယ့် အဲဒီ ဒေသတဝိုက်မှာ အကြီးဆုံး စစ်တပ် အခြေစိုက်စခန်း အပါအဝင် ဗိုလ်မှူးကြီး ကဒါဖီကို သစ္စာစောင့်သိတဲ့ တပ်တွေ လွှမ်းမိုးရာ နေရာတွေလည်း ဖြစ်ပါတယ်။

နိုင်ငံ အရှေ့ပိုင်းက အတိုက်အခံတွေရှိရာ နေရာတွေကို လစ်ဗျား လေတပ်က ဗုံးကြဲခဲ့ပေမယ့် အကြီးအကျယ် ထိခိုက် ပျက်ဆီး သေကြေမှု သတင်းတွေတော့ မရသေးပါဘူး။

တချိန်တည်းမှာ တရစ်ပိုလီမြို့ ဆင်ခြေဖုံးမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ရှိခဲ့တယ်လို့ သိရပြီး ထောင်နဲ့ချီတဲ့လူတွေက လမ်းတွေပေါ်ထွက်ကာ ကဒါဖီ ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့တယ်လို့ ဆိုပါတယ်။