လစ်ဗျားမှာ အစိုးရဘက်က တပ်တွေက နေရာပြန်ယူ

  • 2 မတ် 2011
Libya ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption အစိုးရတပ်တွေက တိုက်ခိုက်လာသလို အစိုးရဆန့်ကျင်သူတွေကလည်း ပြန်တိုက်

လစ်ဗျားနိုင်ငံမှာ လစ်ဗျားခေါင်းဆောင် ကဒါဖီကို ထောက်ခံတဲ့ တပ်တွေက စောစောပိုင်းက အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ သိမ်းထားခဲ့တဲ့ နေရာ တချို့ကို ပြန်လည် တိုက်ခိုက်သိမ်းယူ နေကြပါတယ်။

နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ ရှိတဲ့ အယ်လ်ဘရာက မြို့မှာ မစ္စတာ ကဒါဖီကို ထောက်ခံသူတွေက မြို့ရဲ့ လေဆိပ်နဲ့ သင်္ဘောဆိပ်တွေကို သိမ်းယူနိုင်ပြီလို့ အစိုးရ ရုပ်မြင်သံကြားက ကြေငြာပါတယ်။

အယ်ဘရာက မြို့ဟာ ကဒါဖီကို ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ အဓိက အမာခံနေရာဖြစ်တဲ့ ဒုတိယမြို့တော် ဘန်ဂါဇီအနီးဒေသမှာ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အက်ချ်ဒါဘိယမြို့အနီးက မြို့လေးဖြစ်ပြီး အဲဒီမှာ ရေနံစက်ရုံကြီးတစ်ခုတည်ရှိပါတယ်။

အယ်လ်ဘရာက မြို့အနီးက လက်နက်တွေထားတဲ့နေရာကိုလည်း လစ်ဗျားအစိုးရလေတပ်က ဗုံးချဲတာကို တွေ့ရတယ်လို့ အဲဒီက ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် APTN
Image caption ကဒါဖီကတော့ ပြည်ပအင်အားစုတွေကို အပြစ်တင်

ဗိုလ်မှုးကြီး ကဒါဖီက အစိုးရ ရုပ်မြင် သံကြားကနေ မိန့်ခွန်းပြောရာမှာတော့ လစ်ဗျားက ဆူပူအုံကြွမှုဖြစ်တာဟာ နိုင်ငံခြားမီဒီယာတွေနဲ့ အယ်လ်ခိုက်ယီးဒါး အကြမ်းဖက်အဖွဲ့ကြောင့် ဖြစ်ရတယ်လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

အယ်လ်ခိုက်ယီးဒါးဟာ တိုင်းပြည်ကို ချုပ်ကိုင်ချင်လို့၊ လစ်ဗျားရဲ့ ရေနံရင်းမြစ်တွေကို ပိုင်ဆိုင်ဖို့ကြိုးစားတာလို့ ပြောပါတယ်။

မစ္စတာ ကဒါဖီက ကုသလမဂ္ဂအနေနဲ့လည်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အမှန်တကယ်သိနိုင်ဖို့ စုံစမ်းရေးအဖွဲ့စေလွှတ်ဖို့လည်း ဗိုလ်မှုးကြီး ကဒါဖီက ပြောပါတယ်။