လစ်ဗျား သူပုန်တွေ ဘရဲဂါကို ပြန်သိမ်း

  • 3 မတ် 2011
Brega ဓာတ်ပုံ မူပိုင် Getty
Image caption ဘရီဂါ သူပုန် လက်ထဲ ရောက်သွား

လစ်ဗျား အရှေ့ မြောက်ပိုင်းက ရေနံ ထွက်ရှိရာ အရေးပါတဲ့ ဘရဲဂါ မြို့ကို အစိုးရကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်တဲ့ တပ်တွေ အပြန်အလှန် သိမ်းခဲ့ကြပြီး ဒီမြို့ဟာ ခုနောက်ဆုံး ဂဒါဖီကို သစ္စာ စောင့်သူတွေ လက်ထဲ ကျရောက် ခဲ့ပါတယ်။

အီဂျစ်မှာ မူဘာရက် ပြုတ်ကျသွားတဲ့ အဖြစ် အပျက်မှာ အီဂျစ် စစ်တပ်က အရေးပါတဲ့ အခန်း ကဏ္ဍမှာ ပါဝင်ခဲ့ပြီး ခုလစ်ဗျားမှာရော စစ်တပ်က အဆုံး အဖြတ် ပေးလာနိုင်မလားဆိုတာ ခု အဖြစ်အပျက်ကို စောင့်ကြည့် နေသူတွေက မေးခွန်း ထုတ်နေကြပါတယ်။

လောလောဆယ်မှာ ကဒါဖီဘက်မှာ အင်အား ဘယ်လောက်ရှိသလဲ၊ ဒါမှမဟုတ် သူ့ကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေဆီမှာ အင်အား ဘယ်လောက်ရှိလဲ ဆိုတာ အင်မတန် ခန့်မှန်းရ ခက်တယ်လို့ နစ်ချိုင်းက သုံးသပ်ပါတယ်။

ဂဒါဖီကိုယ်တိုင် သူ့ကို ထောက်ခံသူ အင်အား ဘယ်လောက်ရှိလဲဆိုတာ သိချင်မှ သိမှာလို့ နစ်ချိုင်းက ဆိုပါတယ်။

ခုပုန်ကန်မှုတွေ မစခင်ကကို လျော့တိ လျော့ရဲ ဖြစ်နေတဲ့ စစ်တပ်ဟာ ခုဆိုရင် တပ်ကနေ ထွက်ပြေးသူတွေကြောင့် ပိုအထိနာခဲ့ပါတယ်။

အထူးသဖြင့် နိုင်ငံ အရှေ့ပိုင်းမှာဆို စစ်တပ်ထဲကနေ တခြားဘက်ကို ထွက်ပြေးသူတွေ အများအပြား ရှိပြီး သူတို့နဲ့ အတူ အရေးပါတဲ့ လက်နက် ပစ္စည်းတွေပါ ပါသွားပါတယ်။

ဒါပေမယ့်လည်း ဂဒါဖီ အစိုးရက လက်ရွေးစဉ် တပ်ဖွဲ့တွေ၊ နောက် ကြေးစား စစ်သားတွေနဲ့၊ စစ်တပ်တပိုင်း ဒေသခံ ပြည်သူ့စစ်တွေနဲ့ ဂဒါဖီပေါ် သစ္စာစောင့်တဲ့ လက်နက်ကိုင် အရပ်သားတွေက ထရီပိုလီမှာ ရှိနေပါသေးတယ်။

ခုထိတော့ အစိုးရ စစ်တပ်က ကျန်တဘက်ထက် ပိုပြီး စုစည်းမှု ရှိသလို၊ ပစ်ခတ်အားလည်း ပိုကောင်းပါတယ်။

ဒါပေမယ့်လည်း ပုန်ကန်သူတွေလက် ကျသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းနိုင် မသိမ်းနိုင် ကတော့ ဘယ်သူမှ သေချာသိပုံမရပါဘူး။

နောက်တခါ စစ်တပ်ကနေ ပုန်ကန်သူတွေဘက်ကို ထွက်ပြေးသူတွေဟာ တဦးချင်း အနေနဲ့ ပြေးသူတွေသာ ဖြစ်ပြီး အစုလိုက် ဘက်ပြောင်းတာမျိုးတွေ မရှိသေးပါဘူး။

အဲ့ဒိအတွက်ကြောင့်ပဲ စုစည်းမှု မရှိသလို ဟိုရောက် ဒီရောက် ဖြစ်နေပါတယ်။

ခုနောက်ပိုင်းမှာ အစိုးရ စစ်တပ်ကို စွန့်ခွာ ထွက်ပြေးလာသူတွေထဲမှာ အရာရှိ အဆင့်တွေ ပါလာတဲ့အတွက် အတိုက်အခံဘက်မှာ စုစည်းမှု တဖြည်းဖြည်း ပိုကောင်းလာပုံ ရပေမယ့် သူတို့ ကိုယ်တိုင်လည်း နောက်ထပ် နယ်မြေသစ်တွေကို သိမ်းပိုက်နိုင်မဲ့ပုံ မရှိပါဘူး။

ခုချိန်ထိတော့ တဘက်ဘက်က ပြတ်ပြတ်သားသား အနိုင်ရမဲ့ အနေအထား မရှိသေးပေမယ့် တဘက်ဘက်က ရုတ်တရက် အင်အားပြိုလဲသွားတမျိုး အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

ဒါပေမယ့် အဲ့သလို တခုခု ပြတ်ပြတ်သားသား ဖြစ်မလာရင် ပြင်ပကနေ ဝင်ရောက် စွက်ဖက်ဖို့ ဖိအားပေးမှုတွေ ပိုများလာနိုင်တယ်လို့ နစ်ချိုင်းက သတင်းပေးပို့ ထားပါတယ်။