ဂျပန် အာဏာရ ပါတီ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်သွယ်

  • 4 မတ် 2011
suu kyi
Image caption ဂျပန် နိုင်ငံ အနေနဲ့ ကူညီရင် မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ပိုမို လျှင်မြန်မယ် လို့ ပြော

ဂျပန်နိုင်ငံ အာဏာရ ပါတီ ဖြစ်တဲ့ ဒီမို ကရက်တစ် ပါတီ DPJ ရဲ့ အထွေထွေ အတွင်းရေးမှူး က မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ ဆက်သွယ် စကား ပြောခဲ့ ပြီး မြန်မာ အစိုးရ နဲ့ အတိုက်အခံ တို့ အကြား တွေ့ဆုံဆွေးနွေးရေး ကိစ္စ အပါအဝင် အခြားကိစ္စ တွေကို ဆွေးနွေး ခဲ့ကြ ပါတယ်။

ကြာသပတေးနေ့ ညဦးပိုင်း မှာ DPJ ခေါင်းဆောင် ကတ်ဆူရာ အိုကာဒါ က တယ်လီဖုန်း ကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်သွယ် ဆွေးနွေးမှု မှာ မြန်မာ့ အရေး နဲံ ပတ်သက်ပြီး ဂျပန် အစိုးရ အနေနဲ့ ဘယ်လို ဆောင်ရွက် စေချင် သလဲ ဆိုတာ ကို လည်း ထည့်သွင်း မေးမြန်းခဲ့တယ် လို့ အန်အယ်ဒီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင် က ဘီဘီစီ ကို ပြောပါတယ်။

ဂျပန် က အခု အာဏာရ DPJ ပါတီ ဟာ အတိုက်အခံပါတီ အဖြစ် ရှိနေစဉ် ကတည်း က မြန်မာ့ ဒီမိုကရေစီ အရေး ကို ကူညီ ထောက်ခံ တဲ့ ပါတီ ဖြစ်ပြီး အခုလည်း ဆက်လက် ထောက်ခံ သွားမယ် လို့ သူတို့ က ကြေညာ ထား ပါတယ်။

မြန်မာအစိုးရ အပေါ် အရေးယူပိတ်ဆို့ရေး ဆက်လက်လုပ်ဆောင်ဖို့ တောင်းဆိုမှုဟာ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်လာဖို့ ပိုခက်ခဲ မသွားစေဘူးလား ဆိုတဲ့ မစ္စတာ အိုကာဒါ ရဲ့ အမေး ကို တော့ ဒေါ်အောင်ဆန်း စုကြည် က သူ့အနေနဲ့ မဇ္စျိမ ပဋိပဒါ လမ်းစဉ် အတိုင်း ကျင့်သုံး သွားမယ် လို့ ပြန်လည် ဖြေကြား ခဲ့ကြောင်း သိရ ပါတယ်။

မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် မြန်မာပြည်သားတွေ ကိုယ်တိုင် လုပ်ဆောင်ကြရမှာ အမှန် ဖြစ်ပြီး ဂျပန် လို ဒီမိုကရေစီ နိုင်ငံ တွေ က တာဝန်ရှိတဲ့ အတိုင်း ကူညီ ကြရင် မြန်မာ ပြည် အနေနဲ့ ဒီမိုကရေစီ ရရှိရေး ပိုလျှင်မြန်မှာ ဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်း စုကြည် က ဂျပန် အာဏာရ ပါတီ ထိပ်တန်း ခေါင်းဆောင် ကို ပြော ကြား ခဲ့ ပါတယ်။