လစ်ဗျား အရေး ICC စုံစမ်းမယ်

  • 3 မတ် 2011

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီနဲ့ သူ့ အပေါင်း အပါတွေက ဆန္ဒပြသူ တွေကို တိုက်ခိုက် ရာမှာ လူတွေ အပေါ် လူမဆန်တဲ့ ရက်စက် မှုတွေ ကျူးလွန် ခဲ့ဖွယ် ရှိမရှိ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က စုံစမ်း စစ်ဆေးမယ်လို့ ကြေညာ လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption အပြည်ပြည် ဆိုင်ရာ ရာဇဝတ် ခုံရုံး ရှေ့နေချုပ် မစ္စတာ အိုကမ်ပို

တရားရုံးရဲ့ တရားလို ရှေ့နေချုပ် လူးဝစ် မော်ရန်နို အိုကမ်ပိုက ရာဇဝတ်မှု ကျူးလွန် နိုင်ဖွယ် ရှိသူတွေရဲ့ စာရင်းကို ဖတ်ပြခဲ့ ပါတယ်။

မစ္စတာ ကဒါဖီရဲ့ လုံခြုံရေး အဖွဲ့ အစည်း အမျိုးမျိုးမှာ အကြီး အကဲတွေ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီး ကဒါဖီနဲ့ သူ့သား တွေ၊ လက်ရှိ အာဏာပိုင် အဖွဲ့ အစည်းမှာ တာဝန် ယူထား ကြသူ တွေ ဟာ သူတို့ နိုင်ငံသား တွေကို အကာ အကွယ်ပေးဖို့ တာဝန်ရှိတယ်၊ သူတို့ရဲ့ ညွှန်ကြားမှု အောက်မှာ ရှိကြတဲ့ တပ်ဖွဲ့တွေက လူမဆန်တဲ့ ရက်စက် မှုတွေ ကျူးလွန် ခဲ့တာကို မတားဆီးဘူး ဆိုရင်တော့ တရား ဥပဒေ အရ စုံစမ်း စစ်ဆေး ခံရနိုင်တယ် လို့ သတိပေးမှာ ဖြစ်တယ်၊ လစ်ဗျားက အတိုက်အခံ တပ်ဖွဲ့တွေ ဘက်က အလားတူ ကျူးလွန်မယ် ဆိုရင် လည်း စုံစမ်း စစ်ဆေး ခံရမယ်လို့ သတိပေးခဲ့တဲ့ အကြောင်း မစ္စတာ အိုကမ်ပိုက ပြောပါတယ်။

တချိန်ထဲမှာပဲ လစ်ဗျား နိုင်ငံ အရှေ့ပိုင်းက ဗိုလ်မှူးကြီး ကဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေ ထိန်းချုပ်ရာ Brega မြို့ကို လေတပ်က လေယာဉ်တွေ ထပ်မံ တိုက်ခိုက် ခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လစ်ဗျား နိုင်ငံမှာ မြင်ရတဲ့ ဗုံးကြဲ မှု

အတိုက်အခံ ပြောရေး ဆိုခွင့် ရှိသူက လေယာဉ်တွေဟာ ရေနံ အဓိက ထွက်ရှိ ဖြန့်ချိတဲ့ ဌာနကြီး ရှိရာ Brega မြို့ လေဆိပ်ကိုရော Ajdabiya အနားက သူပုန်တွေကိုပါ ဗုံးကြဲ တိုက်ခိုက် ခဲ့တယ်လို့ ပြောပါတယ်။

ထိခိုက် သေပျောက်မှု ဘယ်လောက် ရှိတယ်ဆိုတဲ့ သတင်း တွေတော့ မရသေးပါဘူး။ အဲဒီ ဒေသဟာ ဗုဒ္ဓဟူးနေ့က ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်ဖွဲ့တွေ အဓိက ပစ်မှတ်ထား ထိုးစစ် ဆင်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်၊ ဒါပေမဲ့ မြို့ကိုတော့ အတိုက်အခံ တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

လစ်ဗျား နဲ့ တူနီးရှား နယ်စပ် မှာ ရောက်နေတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက ကယ်ဆယ်ရေး တွေ တိုးမြှင့် လုပ်ဆောင် နေချိန်မှာ လစ်ဗျားကို သွားရောက် အလုပ်လုပ်ကြတဲ့ အလုပ် သမားတွေ ထောင်နဲ့ ချီပြီး လစ်ဗျား ကနေ ထွက်ပြေး နေကြပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ တူနီးရှား နိုင်ငံတို့ ပါဝင်တဲ့ နိုင်ငံတကာ လေကြောင်း အကူအညီတွေ ဒီစဉ်ထားတဲ့ အပြင် ပြင်သစ်နဲ့ အီဂျစ် နိုင်ငံ တို့ကလည်း လူတွေကို ကယ်ထုတ်ဖို့ သင်္ဘောတွေ စေလွှတ် ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က သောင်းနဲ့ ချီတဲ့ အီဂျစ် အလုပ်သမားတွေ အပါအဝင် ဒုက္ခသည်ပေါင်း ကိုးသောင်းကျော် လောက် အဲဒီ နယ်စပ်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။