အိုင်ဗရီကို့စ် ပစ်သတ်မှုဖြစ်

  • 4 မတ် 2011
အိုင်ဗရီကို့စ် ဒုက္ခသည်များ ဓာတ်ပုံ မူပိုင် AFP
Image caption အိုင်ဗရီကို့စ် ဒုက္ခသည်များ

အိုင်ဗရီကို့စ်နိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုတိုးလာမှာကို စိုးရိမ်တဲ့အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေကလည်း သူ့ရဲ့တပ်အနေအထားကို အင်အားဖြည့်တင်းထားပါတယ်။

အိုင်ဗရီကို့စ်နိုင်ငံမှာ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်လာတာ၊ ပိုပြီးဖြစ်လာစရာ ရှိတဲ့ နောက်ထပ် အကြောင်းတစ်ခုကတော့ မနေ့တုန်းက လက်ရှိခေါင်းဆောင် လောရင့် ဘက်ဘို ရာထူးက ဆင်းပေးဖို့ တောင်းဆိုဆန္ဒပြကြတဲ့ အမျိုးသမီးတွေ အနည်းဆုံး ၆ ဦးကို လုံခြုံရေးက ပစ်သတ်လိုက်တာကနေ စိုးရိမ်မှုတွေ တိုးလာတာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်ဟာ လအတော်ကြာ အကြမ်းဖက်မှုတွေ၊ ဆူပူလှုပ်ရှားမှု ဖြစ်နေခဲ့ပြီးသားပါ။ နိုဝင်ဘာရွေးကောက်ပွဲပြီးကတည်းက ရာနဲ့ချီတွေ လူတွေ အသတ်ခံခဲ့ရပါတယ်။ သေကြေသူ အများစုကတော့ အစိုးရဆန့်ကျင်တဲ့သူတွေ ဒါမှမဟုတ် အစိုးရကို ဆန့်ကျင်တယ်လို့ သံသယရှိသူတွေကို လက်ရှိ ခေါင်းဆောင် လောရင့် ဘက်ဘို ထိမ်းချုပ်တဲ့ လုံခြုံရေးတပ်တွေနဲ့ ပြည်သူ့စစ်တွေက ဦးတည်တိုက်ခိုက်နေတဲ့အတွက် သေကြေခဲ့ရတာပါ။

သမ္မတရာထူးမှာဆယ်နှစ်လောက်ရှိနေခဲ့တဲ့မစ္စတာလောရင့်ဘက်ဘိုရဲ့အဓိကရည်ရွယ်ချက်ကတော့ သမတရွေးကောက်ပွဲမှာ သူနဲ့ပြိုင်ဘက် အလာဆန် ဝပ်တရာဟာ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ပြောနေကြတဲ့ အတိုက်ခံအင်အားစု အသံတိတ်သွားအောင် ဖိအားပေးနှိမ်နင်းနေတာပါ။ ကုလသမဂ္ဂဘက်ကတော့ မစ္စတာ ဝပ်တရာ ဘက်က ပွင့်ပွင့်လင်းလင်းနဲ့ အစဉ်တစိုက်ထောက်ခံပြောဆိုနေပါတယ်။ အဓိက မြို့တစ်ခုဖြစ်တဲ့ အဘီဂျံမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်တွေကလည်း မစ္စတာ ဘက်ဘိုရဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ တိုက်ခိုက်နိုင်ဖွယ်ရှိနေပါတယ်။ ကုလ ငြိမ်းချမ်းတပ်တွေကို လုပ်နိုင်တဲ့စွမ်းအားထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် နေရာ ချထား တာကြောင့် အကြမ်းဖက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့အရေးဟာ စိုးရိမ်စရာ ဖြစ်နေကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

အခုဆိုရင် နိုင်ငံတကာသံတမန်တွေဟာ အိုင်ဗရီကို့စ်မှာ အဘက်ဘက်က စစ်ဖြစ်လာနိုင်ချေရှိတဲ့အပေါ် ဆွေးနွေးနေကြပါတယ်။ ဒါပေမယ့် အိုင်ဗရီကို့စ်က လူတချို့အတွက်တော့ အဲဒီစစ်က သူတို့ဆီမှာ ကျရောက်နေပြီသားလို့ ဆိုနိုင်ပါတယ်။ လက်ရှိစိုးရိမ်ရတဲ့အနေအထားအပေါ် ကုလသမဂ္ဂဘက်ကလည်း မကြာခင်ကပဲ တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီး ထပ်မံပို့ထားပါတယ်။ တကယ်လို့ ကုလသမဂ္ဂတပ်တွေဘက်က ခုခံဖို့အတွက်ပဲ ပြောပြော လူထူထပ်တဲ့ အဘီဂျံမြို့လိုနေရာမှာ ဒီတိုက်ခိုက်ရေး ရဟတ်ယာဉ်အသုံးပြုမယ်ဆိုရင်တော့ အိုင်ဗရီကို့စ်က မတည်ငြိမ် အကြမ်းဖက်မှုအခြေအနေတွေ နောက်တစ်ဆင့်ကို တက်လာဖွယ် ရှိနေပါတယ်။