ကဒါဖီ နှုတ်ထွက်ပေးဖို့ အိုဘားမား ထပ်မံ တောင်းဆို

  • 4 မတ် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် သမ္မတ အိုဘားမား

လစ်ဗျားခေါင်းဆောင် မွာမာ ကဒါဖီကို ရာထူးက နှုတ်ထွက်ပေးဖို့ အမေရိကန် သမ္မတ အိုဘားမားက ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီဟာ တိုင်းပြည်ကို အုပ်ချုပ်ပိုင်ခွင့် မရှိတော့ဘူးလို့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ အိုဘားမားက ထပ်တလဲလဲ ပြောကြားသွားခဲ့ပါတယ်။

အရပ်သားတွေကို အကြမ်းဖက်ပြီး လက်နက်နဲ့ နှိမ်နင်းနေတဲ့ ကိစ္စမှာ တာဝန်ရှိသူတွေဟာ ဥပဒေကြောင်းအရ အရေးယူခံရမယ်လို့လည်း သူကသတိပေး လိုက်ပါတယ်။

လစ်ဗျားနိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုံ သတ်မှတ်မယ့် ကိစ္စကို ထောက်ခံပါသလားလို့ သတင်းထောက်တွေက မေးတဲ့ အခါမှာတော့ အရေးယူနိုင်တဲ့ နည်းလမ်းတွေ အားလုံးကို လေ့လာသုံးသပ်နေပါတယ်လို့ မစ္စတာ အိုဘားမားက ပြန်လည်ဖြေကြားခဲ့ပါတယ်။

လစ်ဗျားကနေ ထွက်ပြေးလာကြတဲ့ ထောင်သောင်းချီတဲ့ ရွေ့ပြောင်း အလုပ်သမားတွေကို အမေရိကန် စစ်လေယာဉ်တွေ သုံးပြီး ကယ်ထုတ်ပေးဖို့ မှာကြားထားတယ်လို့လည်း သမ္မတက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption Benghazi မြို့ရဲ့ အခြေအနေ

လစ်ဗျားနိုင်ငံ အရှေ့ဖက်က ကဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေ ရှိတဲ့ အရပ်ကို လေတပ်က တိုက်ခိုက်မှုတွေ တိုးလုပ်လာနေပါတယ်။

ပေါက်ကွဲမှုသတင်းတွေ ရတာကြောင့် ဘန်ဂါဇီမြို့ကို တင်ပို့ဖို့ ဂျုံမှုန့်အပြည့် တင်ဆောင်လာတဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ FAO ရဲ့ သင်္ဘောတစင်း နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။

Ajdabiya အနီးက ကဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ ရှိတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ အတိုက်အခံအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အစောပိုင်းက သတင်းပေးပို့ခဲ့ပါတယ်။

အဲဒီ အက်ဂျာဘီရာ ဒေသဟာ ဘရီဂါမြို့ရဲ့ လေဆိပ်ရှိရာ နေရာ ဖြစ်ပြီး အဓိက ရေနံဆိပ်ကမ်း တည်ရှိရာ အရပ်လည်း ဖြစ်ပါတယ်။

အထိအခိုက် အသေအပျောက် သတင်းတွေ မရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကဒါဖီ ရဲ့ သား Saif al-Islam

လစ်ဗျားလေတပ်က တရစ်ပိုလီမြို့တော်မှာ အတိုက်အခံ ဆန္ဒပြ သမားတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဗိုလ်မှူးကြီး ကဒါဖီရဲ့ သား Saif al-Islam ဆာရစ် အယ် အစ်လမ်က ငြင်းပယ်လိုက်ပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေဟာ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ် ဆိုတဲ့ အချက်ကိုတော့ စကိုင်း သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သူက အသိအမှတ်ပြု ပြောသွားပါတယ်။

အဖျက်သမားတွေကို သည်းညီး ခံသွားမှာ မဟုတ်ဘူး ၊ အခုလို တိုက်ခိုက်မှုတွေက တိုင်းပြည်ကို ဘယ်လိုမှ အန္တရယ် ရှိနိုင်မှာ မဟုတ်ပါဘူး ၊ နိုင်ငံ လုံခြုံရေး အတွက် ဘာပဲလုပ်လုပ် တရားဝင်ပါတယ်လို့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အပေါ် သူက ပြောကြားသွားခဲ့ပါတယ်။

လစ်ဗျားနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရွေ့ပြောင်း အလုပ်သမား နှစ်သိန်းဟာ အခုတော့ နယ်စပ်ဖြတ်ပြီး အီဂျစ် ၊ တူနီးရှားနဲ့ နီဂျဲ နိုင်ငံတွေဆီ ထွက်ခွာ သွားကြပြီလို့ IOM နိုင်ငံတကာ ရွေ့ပြောင်းနေရာ ချထားရေး အဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption နိုင်ငံတကာ ရွေ့ပြောင်း အလုပ်သမားတွေ

နိုင်ငံတကာက စုပေါင်းပြီး ဒီလူတွေကို လေကြောင်းကနေ သူတို့ရဲ့ နိုင်ငံတွေဆီကိုပြန်ပို့ဖို့ တူနီးရှား နိုင်ငံက ကြိုးစားနေပါတယ်။

အဲလို စီစဉ်ပေးရာမှာ ဗြိတိန် ၊ ပြင်သစ်နဲ့ တူနီးရှား အစိုးရ တွေက အကူအညီ ပေးလာတဲ့ လေယာဉ်တွေကို အသုံးချနေရတာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ အီဂျစ်ကလည်း ကယ်ဆယ်ကူညီရေး အတွက် သင်္ဘောတွေ ပို့လွှတ် ပေးခဲ့ပါတယ်။

လစ်ဗျားနိုင်ငံဖက် အခြမ်းမှာတော့ နယ်စပ်ဖြတ်ကျော် ကူးဖို့ စောင့်နေသူ တယောက်မှာ မတွေ့ရတော့ဘူးလို့ အဲဒီဒေသမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။