ဂဒါဖီ ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေ ဆက်တိုက်

  • 5 မတ် 2011
Libya ဓာတ်ပုံ မူပိုင် Reuters
Image caption ဂဒါဖီ ဆန့်ကျင်သူတွေ လေယဉ်ပစ် အမြှောက်တွေနဲ့ ခုခံနေပုံ

လစ်ဗျား နိုင်ငံမှာ ကာနယ် ကဒါဖီပေါ် သစ္စာစောင့်တဲ့ တပ်တွေဟာ တချို့ နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်အောင် စစ်မျက်နှာ နှစ်ခုမှာ တိုက်နေကြပါတယ်။

တဘက်မှာ ကဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ထရီပိုလီမြို့ အနောက် ဘက်က ဇာဝီယာမှာ အင်အားရော လက်နက်ပါ အဆမတန် သာတဲ့ ဂဒါဖီရဲ့ တပ်တွေကို တွန်းလှန် နိုင်ခဲ့တယ်လို့ ဘီဘီစီကို ပြောပြ ပါတယ်။

ထရီပိုလီမြို့ အရှေ့ဘက်မှာလည်း သူပုန်တွေဟာ လစ်ဗျား စစ်တပ်ကနေ ထွက်ပြေးလာ သူတွေ အကူအညီနဲ့ ရေနံ တင်ပို့ရာ ဆိပ်ကမ်းမြို့ တမြို့ကို ဝင်တိုက်ခဲ့ပြီး ဒီမြို့ ဘယ်သူ့ အုပ်ထိန်းမှု အောက်မှာ ရှိလဲဆိုတာ သေချာ မသိရသေးပါဘူး။

ဂဒါဖီဆီမှာ အင်အား နည်းနည်း ပြန်ရလာပြီး သူအနိုင်ရနိုင်တဲ့ ဖြစ်နိုင်ချေဟာ ငါးဆယ် ရာခိုင်နှုံးလောက် ပြန်ရှိလာတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီအတောအတွင်း သူပုန်တွေ သိမ်းထားတဲ့ ဘင်ဂါဇီမြို့က လက်နက်ရုံ တခုမှာ ပေါက်ကွဲမှု ဖြစ်ပြီး သေဆုံး ဒဏ်ရာရမှု အများအပြား ရှိခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

ထရီပိုလီက ဆန္ဒပြပွဲ

ထရီပိုလီမြို့မှာတော့ မနေ့က သောကြာနေ့မှာ ပလီတက်ပြီးနောက် လမ်းပေါ်ထွက်လာတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲက ရာဘာကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒါပေမယ့် တာရိုရာ ရပ်ကွက်က ဆန္ဒပြသမှုတွေဟာ အရင်နေ့တွေက ဆန္ဒပြမှုတွေလောက် မကြီးပါဘူး။

ဆန္ဒပြသူတွေက ကဒါဖီနဲ့ တွဲသိနေတဲ့ လစ်ဗျား အစိုးရ အလံကို မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေ အနေနဲ့ သူတို့ လိုချင်တာ ရဖို့ လမ်းပေါ်ကို လက်ရှိ အရေအတွက်ထက် ထပ်ပြီး ထွက်လာဖို့ လိုတယ်လို့ ဘီဘီစီ သတင်းထောက်က ထရီပိုလီကနေ သတင်း ပေးပို့ ထားပါတယ်။

အင်တာနက်ပြတ်

လစ်ဗျား နိုင်ငံထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ အင်တာနက်ပါ ပြတ်သွားပုံ ရပါတယ်။

ခုလို အင်တာနက် ပြတ်သွားတာဟာ ယာယီ ချွတ်ယွင်းမှု တခုခုကြောင့် ပြတ်တာသက်သက် ဖြစ်ဟန်မတူဘူးလို့ အင်တာနက် လုံခြုံရေးကို လေ့လာ စောင့်ကြည့်တဲ့ ကုမ္ပဏီတွေက ပြောပါတယ်။

လစ်ဗျား နိုင်ငံက အင်တာနက် ဝက်ဆိုက်တွေကို မနေ့က စပြီး တက်ကြည့်လို့မရ ဖြစ်နေ တယ်လို့ အင်တာနက် လေ့လာစောင့်ကြည့်ရေး ကုမ္ပဏီတွေက ပြောပါတယ်။

တချို့က ကြာသပတေးနေ့ထဲက အင်တာနက် ပြတ်နေတာလို့တောင် ပြောကြပါတယ်။