ဇာဝီယာမြို့ ရဖို့ နှစ်ဘက် အသေ အကြေတိုက်

  • 6 မတ် 2011
Libya ဓာတ်ပုံ မူပိုင် AP
Image caption လစ်ဗျား တိုက်ပွဲတွေ အဆုံးသတ်ဖို့ လမ်းမမြင်သေး

ထရီပိုလီမြို့ အနောက်ဘက် မိုင်သုံးဆယ် အကွာလောက်က အရေးပါတဲ့ ဇာဝီယာ မြို့ကို ရဖို့ ဂဒါဖီ တပ်တွေနဲ့ သူ့ကို ဆန့်ကျင် သူတွေ အပြင်းအထန် တိုက်ခိုက် နေဆဲ ဖြစ်ပြီး တဘက်ဘက်က ပြတ်ပြတ် သားသား အနိုင်ရမဲ့ အရိပ် အယောင် မတွေ့ရ သေးပါဘူး။

အတိုက်အခံဘက်ကို ကြည့်ရင် ဂဒါဖီနဲ့ သူ့အစိုးရ တိုင်းပြည်ကို နှစ်ပေါင်းများစွာ မောင်ပိုင်စီး ထားတာကို မကျေနပ်တဲ့လူ မရှားသလို အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေထဲ ဝင်ပြီး စစ်တပ်ကို တော်လှန် ပုန်ကန်ရာမှာ ပါချင်သူလည်း မရှားပါဘူး။

ဒီတချက်ကိုတော့ ကောင်းကောင်း ပြောနိုင်တယ်လို့ လစ်ဗျား ရောက်နေတဲ့ သတင်း ထောက်တွေက ပြောပါတယ်။

ဒီတော့ ဂဒါဖီကို လစ်ဗျား ပြည်သူလူထု အများစုက မမြင်ချင်တော့ဘူး ဆိုတာကတော့ အသေအချာ ပြောနိုင်ပါတယ်။

ဒါပေမယ့် အသေအချာ မပြောနိုင်တာကတော့ ဒီကနေ ရှေ့ဘာဆက်ဖြစ်မလဲ ဆိုတာပါပဲ။

အစပိုင်းမှာ ပုန်ကန် ထကြွသူတွေက မြို့တဝိုက်က စစ်စခန်းတွေကို ဝင်စီးပြီး တော်လှန်ရေး အင်အားစု အဖြစ် ဖွဲ့စည်းမဲ့ ပုံစံမျိုး ပြောခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့မှာ လစ်ဗျား စစ်တပ်ကို ယှဉ်နိုင်ဖို့ လက်နက် လူအင်အား လုံလုံ လောက်လောက် ရှိမရှိက မသေချာပါဘူး။

တီဗီ သတင်းတွေမှာ မြင်ရတဲ့ လေယဉ်ပစ် အမြှာက်တွေ၊ တင့်ကားဖျက် ဒုံးကျည် ဆိုတာ တွေက ပြတိုက်ထဲက နမူနာ ပစ္စည်းတွေ ဖြစ်ပြီး လစ်ဗျား စစ်တပ်ကို ဟုတ်တိပတ္တိ ယှဉ်တိုက်နိုင်လောက်တဲ့ အနေအထား ရှိပုံ မရပါဘူး။

ဂဒါဖီဘက်က စစ်ရေး အခြေအနေ

နောက်တခါ ဂဒါဖီဘက်ကို ကြည့်ရင်လည်း သူ့ကို သစ္စာ စောင့်သိသူ ဘယ်နှစ်ယောက်ရှိလဲ၊ သူ့စစ်တပ်ထဲက ဘယ်နှစ်ယောက် ထွက်ပြေးသွားပြီလဲ၊ ဒီထွက်ပြေးမှုတွေဟာ ဘယ်လောက် အရေးပါလဲ ဆိုတာလည်း ဘယ်လိုမှ အသေအချာ မပြောနိုင်ပါဘူး။

နောက်တခါ ဒီလူတွေ အာလုံးဟာ ဘယ်သူ့ အမိန့်၊ ဘယ်သူ့ ညွှန်ကြားချက်ကို ယူမလဲ ဆိုတာကလည်း လက်တွေ့ကျသလောက် ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်းတွေပါ။

ဒါပေမယ့် ဂဒါဖီ ဆန့်ကျင်ရေး အင်အားစုတွေ အားလုံးနီးပါး အပြောအရ အစိုးရဆီမှာ အင်အားကြီးတဲ့ ကြေးစားတပ်တွေ ရှိနေတယ် ဆိုတာ သိရပါတယ်။

ဒီကြေးစားတပ်တွေ အပြင် စစ်တပ်တပိုင်း ဂဒါဖီနဲ့ သူ့သားတွေပေါ်ပဲ မျက်စိမှိတ် သစ္စာ ဆိုထားတဲ့ မြန်မာပြည်မှာ အရင် ဆိုရှယ်လစ်တွေရဲ့ ပျူစောထီးတပ်နဲ့ ခပ်ဆင်ဆင် လက်နက်ကိုင် တပ်တွေရှိပါတယ်။

လက်နက် ကိရိယာပိုင်းမှာ စစ်တပ်က သူပုန်တွေထက်တော့ သာတာ မှန်ပေမယ့် ဒီလက်နက် ကိရိယာတွေကို ကောင်းကောင်း ကိုင်တွယ် အသုံးချနိုင်ပြီး ကဒါဖီရဲ့ အမိန့်ကိုလည်း တသွေ မတိမ်း နားထောင်မဲ့ အရာရှိ စစ်ဗိုလ် ဘယ်လောက် ရှိလဲဆိုတာကို နောက်ဆုံး ဂဒါဖီ ကိုယ်တိုင်တောင် ကောင်းကောင်း သိချင်မှ သိမှာပါ။

ဒီကြားထဲမှာ စစ်တပ်ထဲမှာ မရွယ်ဘဲ စော်ကဲမင်း ဖြစ်မဲ့အရေးကို ကျိတ် စိတ်ကူး ယဉ်ပြီး အာဏာသိမ်းဖို့ ချောင်းနေသူတွေလည်း ရှိနိုင်တယ်လို့ သတင်းထောက်တွေက မှတ်ချက်ပေးပါတယ်။

ဒီတော့ ခုလက်ရှိ အကျပ်အတည်းဟာ asymmetric conflict မသိကိန်းတွေ ပြည့်နေတဲ့ ပဋိပက္ခတခုလို့ ပြောရမှာပါ။

တဘက်မှာ ပိုပြီး အခြေခံကျတဲ့ အချက်တွေလည်း ရှိပါတယ်။

လစ်ဗျားမှာ ဒီမိုကရေစီ ယဉ်ကျေးမှု ဘယ်တုန်းကမှ ထွန်းကားခဲ့တာ မဟုတ်ပါဘူး။

ဂဒါဖီ သက်တမ်း တလျှောက်လုံးမှာ တိုင်းပြည်ကို ပဒေသရာဇ်လို အုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ဥပမာ ပြောရရင် ရွေးကောက်ပွဲ မဲစာရင်း၊ လူဘယ်နှစ်ယောက် မဲပေးနိုင်သလဲ ဆိုတာတောင် မှတ်တမ်း မရှိပါဘူး။

ဒီတော့ ဂဒါဖီကို အာဏာရှင်လို့ ပြောရင် ပြောတဲ့လူကိုလည်း သူ့ကိုရော လူထုက ထောက်ခံ တယ်ဆိုတာ ဘာကို ကိုးကားပြီး ပြောမလဲလို့ ပြန်မေးလို့ ရနေပါတယ်။

အတိုက်အခံတွေကို စုစည်းပြီး ကိုယ်စားပြုထားတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းကလည်း မရှိသေးပါဘူး။

ဒီတော့ ကဒါဖီကို ဖယ်ပြီးရင် ဒီမိုကရေစီကို ကောက်ကာ ငင်ကာကြီး ဘယ်လို အစားထိုးမလဲဆိုတာ ဘယ်သူမှ မဖြေနိုင်သေးပါဘူး။

ဒါပေမယ့် ကနေ့လို အင်တာနက်ခေတ်မှာ လူထုကို အချဉ်ဖမ်း အချိုသပ်ပြီး ပဒေသရာဇ် ပုံစံမျိုး အုပ်ချုပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ဆိုတာ ခုအရှေ့ အလယ်ပိုင်းက အဖြစ် အပျက်တွေက သက်သေ ခံနေပါတယ်။