လစ်ဗျားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

  • 6 မတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အစိုးရတပ်တွေက ရဟတ်ယာဉ်တွေနဲ့ ပစ်ကူပေး ခဲ့တယ်လို့ သူပုန်တွေကပြော

လစ်ဗျားနိုင်ငံမှာ သူပုန်တွေထိန်းချုပ်ထား တဲ့ ဒေသတွေကို ဗိုလ်မှူးကြီးကဒါဖီရဲ့ တပ်ဖွဲ့တွေက ပြန်သိမ်းယူနိုင်ဖို့ ကြိုးစားနေ တဲ့အတွက် နိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း တွေမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

စနေနေ့က သူပုန်တွေသိမ်းလိုက်တဲ့ အရှေ့ဘက် ကမ်းရိုးတန်း ဘင်ဂျဝါမြို့ကို အစိုးရ တပ်တွေက ရဟတ်ယာဉ် ပေါ်ကနေ စက်သက်နေတွေနဲ့ ပစ်ကူပေး တိုက်ခိုက် ခဲ့တယ်လို့ သူပုန် တိုက်ခိုက်ရေး သမားတွေက ပြောပါတယ်။

နိုင်ငံအနောက်ဘက်မှာတော့ မြို့တော် ထရီပိုလီရဲ့အရှေ့ဘက်က မစ်ရာတာမြို့ကို သူပုန်တွေ လက်ထဲက ပြန်ရယူဖို့အတွက် အစိုးရတပ်တွေဟာ တင့်ကားတွေသုံးပြီး တိုက်ခိုက်နေ ပါတယ်။

မြို့တော် ထရီပိုလီမှာတော့ ဒီကနေ့ မနက်အရုဏ်တက်အချိန်မှာ လက်နက်ကြီး ပစ်ခတ်သံ တွေ အချိန်အတော်ကြာ ကြားနေရပေမယ့် အစိုးရကတော့ ဒီအသံတွေဟာ တခြားနေရာမှာ အောင်ပွဲခံနေကြတဲ့ ဗိုလ်မှူးကြီးကဒါဖီကို ထောက်ခံသူတွေရဲ့ ပစ်ခတ်သံ တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိသျှတပ်ဖွဲ့ဝင်တွေလို့ ယူဆရသူတွေ ထိန်းသိမ်းခံရ

ဓာတ်ပုံ မူပိုင် bbc

လစ်ဗျားနိုင်ငံ အရှေ့ဘက် ဘန်ဂါဇီမြို့မှာတော့ ဗြိတိသျှအထူးတပ်ဖွဲ့ကလို့ ယူဆရတဲ့ လက်နက် ကိုင်ဆောင်ထားတဲ့ ဗြိတိသျှတပ်ဖွဲ့တခုကို သူပုန်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြော့ပါတယ်။

မျက်မြင်တွေ ပြောပြချက်အရ အမျိုးသား ၈ ဦး ဟာ ဘန်ဂါဇီမြို့ပြင်ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိ လာရာမှာ သူတို့ဆီကနေ လက်နက် ခဲယမ်းမီးကျောက်တွေ၊ မြေပုံတွေနဲ့ နိုင်ငံလေးခုက နိုင်ငံကူးလက်မှတ်တွေကို တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ဗြိတိသျှ အရာရှိတွေကတော့ ဘန်ဂါဇီမြို့ကို သံအဖွဲ့တခု စေလွှတ်ထားတယ်လို့ ပြောပေမယ့် နောက်ထပ် အသေးစိတ်ကို ပြောဖို့တော့ ငြင်းဆိုပါတယ်။

ဒီအဖွဲ့ဝင်တွေ ပြန်လွတ်ရေး အတွက်တော့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။