ပြင်​သစ်​အစိုးရ​ဆိုင်​ဘာ​တိုက်​ခံရ

  • 7 မတ် 2011
ပြင်သစ်ဝန်ကြီးဌာန ဓာတ်ပုံ မူပိုင် AFP
Image caption ပဲရစ်မြို့ကပြင်သစ်စီးပွားရေးနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာန

အခုဖြစ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုဟာ ပြင်သစ်သမိုင်းမှာ အစိုးရကို ကွန်ပျုတာ ကွန်ယက်ကနေ တိုက်ခိုက်ခံရတဲ့ ကိစ္စတွေမှာ အကြီးဆုံး ဖြစ်ပါတယ်။

ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးဌာနအတွင်းက ဗဟိုဝန်ဆောင်မှုဆိုင်ရာဌာနရဲ့ ကွန်ပျူတာ အလုံး ၁၀၀ ကျော်ကို ဒီဇင်ဘာလအတွင်းက တိုက်ခိုက်ခံရတယ်လို့ ပြင်သစ်အစိုးရက အတည်ပြုပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ထိပ်သီးနိုင်ငံ ၂၀ အဖွဲ့ G20 ရဲ့ ဥက္ကဌတာ၀န်ကို ဒီနှစ်ဆန်းကစလို့ စယူထားတဲ့ ပြင်သစ်အစိုးရဆီမှာရှိတဲ့ G20 ဆိုင်ရာ ၊ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ စာရွက်စာတမ်းတွေကို ဦးတည်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။

ဘတ်ဂျက်ဝန်ကြီး ဖရန်ဇွိုက် ဘာရွိုင်က သူတို့မှာ သဲလွန်စတွေ ရှိနေပြီး အဲဒီနောက်ကို ခြေရာခံလိုက်နေကြတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီသဲလွန်စကို ကောက်လိုက်ရင် တရုတ်နိုင်ငံဘက်ကို ဦးတည်နေတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာတော့ ဘတ်ဂျက်ဝန်ကြီးက မှတ်ချက်မပေးခဲ့ပါဘူး။

ကွန်ပျူတာ ကျွမ်းကျင်သူတစ်ဦးကတော့ ဒီလုပ်ရပ်ဟာ အထူးကျွန်းကျင်တဲ့ အိုင်တီသမား Hackers တွေရဲ့ လက်ချက်ဖြစ်ပြီး သူတို့ဟာ ပိပိရိရိ ပိုင်ပိုင်နိုင်နိုင် စနစ်တကျ လုပ်ဆောင်နိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနှစ်ရက်အတွင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှာရှိတဲ့ ကွန်ပျူတာ အလုံးတစ်သောင်းကို ကွန်ယက်ချိတ်ဆက်မှုတွေနဲ့ ဖြတ်တောက်ထားခဲ့ပြီး လောလောဆယ် ဒီကိစ္စကို ပြင်သစ်အထူးလုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဒီပြဿနာကို ပြင်သစ်တရားရုံးတွေဆီမှာလည်း တရားဝင် တိုင်တန်းထားပါတယ်။