စစ်ရေး အရ အရေးယူဖို့ စဉ်းစားနေဆဲ

  • 8 မတ် 2011
Image caption အမေရိကန် သမ္မတ အိုဘားမား

လစ်ဗျားနိုင်ငံကို စစ်ရေးအရ အရေးယူမှုတွေကို နေတိုး မဟာမိတ်တွေနဲ့ အတူ လုပ်ဆောင်ဖို့ စဉ်းစားနေဆဲ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

လစ်ဗျားမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့အပေါ် စစ်ရေး အရ အရေးယူဖို့ အပါအဝင် တခြား ဖြစ်နိုင်ချေ ရှိတဲ့ နည်းလမ်းတွေ အကုန်လုံးကို နေတိုး အဖွဲ့နဲ့အတူ ဘရပ်ဆဲလ်စ်မြို့မှာ တိုင်ပင် ဆွေးနွေး နေကြပါတယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

အရပ်သား ဆန္ဒပြသူတွေကို လစ်ဗျား အစိုးရ တပ်ဖွဲ့တွေက လက်နက်နဲ့ အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ အပေါ် ပင်လယ်ကွေ့က အာရပ်နိုင်ငံတွေက ရှုတ်ချခဲ့ကြပြီး လစ်ဗျားနိုင်ငံ အပေါ် ပျံသန်းမှု ကင်းမဲ့ဇုံ Air Exclusion Zone အဖြစ် သတ်မှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တောင်းဆိုခဲ့ပါတယ်။

လေယာဉ် မပျံသန်းရဇုံ No Fly Zone အဖြစ် သတ်မှတ်နိုင်အောင် ကုလသမဂ္ဂရဲ့ အတည်ပြုချက် ရယူဖို့ တခြား မိတ်ဘက် နိုင်ငံတွေနဲ့ အတူတကွ ပူးပေါင်း လုပ်ဆောင် နေတယ်လို့ ဗြိတိန် နိုင်ငံက အတည်ပြု ပြောကြားခဲ့ပေမယ့် စစ်ရေး အရ ဝင်ရောက် အရေးယူဖို့ ဆိုတာကို ရုရှားနိုင်ငံက ထပ်တလဲလဲ ဆန့်ကျင်ပြောကြား နေပါတယ်။