ဘီဘီစီ သတင်းထောက်တွေ လစ်ဗျားမှာ ဖမ်းဆီး နှိပ်စက်ခံရ

  • 10 မတ် 2011
Image caption အဖမ်းခံရတဲ့ သတင်းထောက်တွေ ထဲက Goktay Koraltan နဲ့ Feras Kilani

ဘီဘီစီ သတင်းထောက် အဖွဲ့ဟာ လစ်ဗျား အစိုးရရဲ့ ဇာဝီယာမြို့ကို သွားနေတုန်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီမြို့ကို အစောပိုင်းက အစိုးရ ဆန့်ကျင်ရေး အဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပြီး ခု ကဒါဖီ တပ်တွေက မြို့ကို ပြန်သိမ်းဖို့ တိုက်နေတာ ဖြစ်ပါတယ်။

ဘီဘီစီ အာရပ် ဘာသာ ဌာနက အဖွဲ့သား သုံးယောက်ကို လစ်ဗျား စစ်တပ်ရဲ့ စခန်း တခုမှာ ဖမ်းထားပြီး နောက်ဆုံး ထရီပိုလီက စစ်တပ် စခန်းကို ခေါ်သွားပါတယ်။

ခေါ်သွားတဲ့ တလျှောက်လုံးမှာ သူတို့ မျက်နှာကို အဝတ်နဲ့ စီးထားတယ် လို့လည်း သတင်းထောက်တွေက ပြောပြပါတယ်။

အဲဒီထဲမှာ သတင်းထောက် Feras Kilaniကို ရွေးထုတ်ပြီး အဆက်မပြတ် ရိုက်တယ်လို့ သိရပြီး အကြောင်းက သူဟာ လစ်ဗျား အုံကြွမှုကို တောက်လျှောက် သတင်းပို့ပေးခဲ့သူ ဖြစ်ပါတယ်။

သူလျှိုလုပ်မှုနဲ့ စွပ်စွဲပြီး သေဒဏ် စီရင်မယ်လို့လည်း ခြိမ်းခြောက် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံး သူတို့ကို နံရံမှာ တန်းစီ ရပ်ခိုင်းထားပြီး သေနတ်နဲ့ ပစ်သတ်တော့မဲ့ ပုံစံမျိုး ညှင်းပမ်း နှိပ်စက် ခံခဲ့ရပါတယ်။

သူတို့ဟာ ၂၁ နာရီ အချုပ်ခံ ထားခဲ့ရပြီး ဖမ်းဆီးထားချိန်မှာ သွေးတွေ ပေကျန်နေတဲ့ အချုပ်ခန်းထဲမှာ ထားတယ်လို့ သိရပါတယ်။

အဲဒီ အတောအတွင်း အနီးက အချုပ်ခန်းတွေဆီက လူတွေရဲ့ ငြီးတွား အော်ဟစ်သံတွေ ကြားရတယ်လို့လည်း သူတို့က ဆိုပါတယ်။

အခုလို ဖမ်းဆီး နှိပ်စက်မှုတွေ အတွက် လစ်ဗျား အာဏာပိုင်တွေ မကြာလေး ခင်ကဘဲ တောင်းပန်ခဲ့ပါတယ်။

ဘီဘီစီက လစ်ဗျား အာဏာပိုင်တွေကို တရားဝင် တိုင်တန်းထားပြီး အခုလို ဘီဘီစီ သတင်းသမားတွေကို နှိပ်စက် ညှင်းပမ်းခဲ့ပေမယ့် လစ်ဗျားနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေကို ဆက်လက် တင်ပြ ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption No Fly Zone သတ်မှတ်ရင် ပြန်တိုက် သွားမယ်လို့ ကဒါဖီ တုန့်ပြန် ပြောကြား

လစ်ဗျားခေါင်းဆောင်ကဒါဖီ ဖက်ကနေ သံတမန်ရေး လှုပ်ရှား ကြိုးပမ်းနေမှု အရိပ်အယောင်တွေ မနေ့က တနေ့တည်းမှာ တော်တော် များများ တွေ့ခဲ့ရပါတယ်။

လစ်ဗျား အစိုးရ အရာရှိ တယောက်ဟာ ပေါ်တူဂီ နိုင်ငံခြားရေး ဝန်ကြီး လူဝီ အာမန်ဒူနဲ့ လစ်စဘွန်းမြို့မှာ တွေ့ဆုံခဲ့ပြီး လစ်ဗျားဖက်က တောင်းဆို ကမ်းလှမ်းမှုကြောင့် တွေ့ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ပေါ်တူဂီဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း မဟုတ်တဲ့ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး လစ်ဗျားနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုမှာ ဥက္ကဌ အဖြစ် ဆောင်ရွက်ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

အဲဒီ လစ်ဗျား အရာရှိကဘဲ အစောပိုင်းတုန်းကလည်း မော်လတာ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

တခြား ဖြစ်ရပ်တခုမှာတော့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ထိပ်တန်း အကြံပေး တယောက်ဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်လာခဲ့တယ်လို့ သတင်းရရှိပြီး အီတလီ နိုင်ငံခြားရေး ဝန်ကြီးရဲ့ အဆိုအရ အာရပ်နိုင်ငံမျာ အဖွဲ့ချုပ်နဲ့ လာရောက် ဆက်သွယ်ဖို့ ကြိုးစားတာလို့ ဆိုပါတယ်။

လာမယ့် စနေနေ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အာရပ် အဖွဲ့ချုပ်က နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေး ကျင်းပဖို့ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption Mustafa Abd al-Jalil ကို ဖမ်းပေးရင် ဆုငွေ ဒေါ်လာ တသန်းခွဲ ပေးမယ်လို့ အစိုးရ ကြေညာ

လစ်ဗျားနိုင်ငံရဲ့ ကြားဖြတ် အမျိုးသား ကောင်စီ အဖွဲ့ခေါင်းဆောင် Mustafa Abd al-Jalilကို ဖမ်းမိရင် ဆုငွေ အမေရိကန် ဒေါ်လာ တသန်းခွဲ ပေးမယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီကို ဆန့်ကျင်တဲ့ အစိုးရ အတိုက်အခံတွေက အဲဒီ ကြားဖြတ် အမျိုးသား ကောင်စီကို ဘန်ဂါဖီမြို့မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ မူစတာဖာ ဂျလေးဟာ အစိုးရ အတိုက်အခံ အဖွဲ့တွေနဲ့ မပူးပေါင်းခင် အထိ လစ်ဗျားနိုင်ငံ အစိုးရ အဖွဲ့ထဲမှာ တရားရေး ဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။