ကဒါဖီ အနိုင်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ အကြံပေး က ပြောကြား

  • 11 မတ် 2011
Image caption ကဒါဖီ အနိုင်ရမယ်လို့ ခန့်မှန်း ထင်ကြေး ပေးနေတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး James Clapper

ဗိုလ်မှူးကြီး ကဒါဖီ ဟာ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ တွေ နဲ့ တိုက်ပွဲဆင် ရာမှာ အနိုင်ရ လိမ့်မယ်လို့ အမေရိကန် သမ္မတ အိုဘားမားရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ ထိပ်တန်း အကြံပေး ပုဂ္ဂိုလ် ဂျိမ်းစ် ကလက်ပါ က သူ့ ထင်မြင်ချက် ကို ပြောကြား လိုက် ပါတယ်။

ကဒါဖီ ရဲ့ တပ်ဖွဲ့တွေဟာ လက်နက်ကောင်း တွေ တပ်ဆင်ထားပြီး သေသေချာချာ လေ့ကျင့် သင်ကြား ထား တာကြောင့် ရေရှည် တိုက်ပွဲ ဆင်နွှဲ ပြီး သူပုန် တွေ အပေါ် အနိုင်ရ လိမ့်မယ် လို့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဒါရိုက်တာ ဗိုလ်မှူးကြီး ဂျိမ်းစ် ကလက်ပါ က ဆီးနိတ်လွှတ်တော် ကြားနာရေး ကော်မတီ ရှေ့မှောက် မှာ ပြောကြား ခဲ့တာပါ။

လစ်ဗျား မှာတော့ ကဒါဖီရဲ့ ဆာရစ်ဖ် ကဒါဖီက သူထောက်ခံတွေကို ပြောကြားရာမှာ အခု လက်ငင်းကို အောင်နိုင်မှု မြင်နေ ရပြီ လို့ ဆိုပြီး အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် သမား တွေ ကို ဘယ်တော့မှာ လက်မြှောက် အရှုံး မပေးဘူး လို့ ကြွေးကြော် လိုက် ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က သူမ ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ လုပ်ဆောင်ချက်တွေကို တုန့်ပြန်နိုင်ဖို့ နိုင်ငံ တကာ က တညီ တညွတ်တည်း ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ် တခု တည်ဆောက် ချင်တယ်လို့ ဆို ပါတယ်။

ဒီအချိန် မှာပဲ ဗိုလ်မှူးကြီး ကဒါဖီ လေကြောင်း က တိုက်ခိုက်မှုတွေကို မလုပ် နိုင်အောင် လစ်ဗျား နိုင်ငံ ဝေဟင်မှာ လေယာဉ် မပျံသန်းရ ဇုံ သတ်မှတ်ဖို့ အရေးကို ဘရပ်ဆဲလ်စ်မြို့ မှာ ကျင်းပနေတဲ့ နေတိုး အဖွဲ့ ကာကွယ်ရေး ဝန်ကြီး အစည်းအဝေး က လက်ခံဖို့ အခက်အခဲ ရှိနေ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption No Fly Zone သတ်မှတ်ဖို့ ငြင်းဆန်နေတဲ့ နေတိုး အကြီးအကဲ Anders Fogh Rasmussen

လစ်ဗျား နိုင်ငံအပေါ် စစ်ရေးအရ အရေးယူမှု ကို နေတိုး အနေနဲ့ ချက်ချင်း လုပ်ဆောင်နိုင် ပေမယ့် အဲဒီလို စစ်ရေး အရ ဆောင်ရွက်မယ် ဆိုရင် တရား ဥပဒေကြောင်း အရ ရှင်းလင်း ပြတ်သား တဲ့ အမိန့်တွေ ရဖို့ လိုတယ် လို့ နေတိုးအဖွဲ့ အကြီးအကဲ အန်းဒါးစ် ဖို့ဂ် ရပ်စ်မူဆန် က ပြော ပါတယ်။

လစ်ဗျားနိုင်ငံ အပေါ် လက်နက် တင်ပို့မှု ပိတ်ဆို့ရေး ကိစ္စ ကို နေတိုး တပ်ဖွဲ့တွေက စောင့်ကြည့်နိုင် ပေမယ့် လေယာဉ် မပျံသန်းရ ဇုံ သတ်မှတ်ဖို့ အရေး အတွက် ဆိုရင် နောက်ထပ် ပြင်ဆင်မှုတွေ လုပ်ဖို့ လိုတယ် လို့ ဆို ပါတယ်။

ပြင်သစ်နိုင်ငံ ကတော့ လစ်ဗျားက အတိုက်အခံ အမျိုးသား ကောင်စီကို တရားဝင် အသိအမှတ် ပြုခဲ့ပြီး ဥရောပ သမဂ္ဂက လစ်ဗျားနိုင်ငံ အပေါ် စီးပွားရေး အရ အရေးယူ ပိတ်ဆို့မှု ကို တိုးချဲ့ လိုက် ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ အစိုးရ ဟာ တရားဝင်မှု မရှိတော့ဘူး လို့ ရီယက်မြို့ မှာ ကျင်းပ နေတဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံများ အဖွဲ့ အစည်းအဝေးမှာ ဝန်ကြီးတွေက လည်း ပြောကြား ခဲ့ပြီး သွေးထွက် သံယိုမှု တွေ အဆုံးသတ် ဖို့ ပန်ကြား လိုက် ပါတယ်။

လစ်ဗျား နိုင်ငံမှာတော့ အခုရက်ပိုင်းတွေ အတွင်း အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေကို ဗိုလ်မှူးကြီး ကဒါဖီ တပ်တွေက အပြင်းအထန် ထိုးစစ် ဆင်ခဲ့ပြီး ဆုတ်ခွာ သွားအောင် အင်အား တွေ အကြီးအကျယ် သုံးနေ ပါတယ်။

အဓိက ရေနံဆိပ်ကမ်း တည်ရှိရာ ရပ်စ်လာနုမြို့ မှာ အစိုးရ တပ်တွေက တင့်ကားကြီးတွေ အမြှောက် သံချပ်ကာ ကားတွေနဲ့ ထိုးနှက် တိုက်ခိုက် ခဲ့တယ်လို့ သိရ ပါတယ်။

ရာနဲ့ချီတဲ့ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေရဲ့ မော်တော်ကားတွေ ထရပ်ကား တွေ ဟာ နိုင်ငံ အရှေ့ပိုင်း ကို မောင်းနှင် ထွက်ပြေး သွားတယ် ဆိုတဲ့ သတင်းတွေ ရရှိ ပါတယ်။

အစိုးရ တပ်တွေက ဆက်လက် တိုက်ခိုက် ထိုးစစ်ဆင် နေပြီး အနောက်နိုင်ငံ အစိုးရတွေ ၊ အာရပ် အဖွဲ့ချုပ် နဲ့ သူတို့အပေါ် ဝေဖန်သူတွေကို Go To Hell ငရဲဘုံ သွားကြ လို့ ကဒါဖီရဲ့ သား တယောက် ဖြစ်တဲ့ ဆာရစ်ဖ် ကဒါဖီ က ပြော နေ ပါတယ်။