ဂျပန် ငလျင်ဒဏ် အကြီးအကျယ်ခံရ

  • 11 မတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service

ဂျပန်နိုင်ငံမှာ မတ်လ ၁၁ ရက် မွန်းလွဲ ၂နာရီ ၄၆ မိနစ်က အရှေ့မြောက်ပိုင်း ကမ်းလွန် ပင်လယ်ပြင်ကို ဗဟိုပြုပြီး ငလျင်ကြီး လှုပ်သွားခဲ့တာကြောင့် နိုင်ငံရဲ့အရှေ့မြောက်ကမ်းရိုးတန်းကို ကြီးမားတဲ့ ဆူနာမီ ဒီရေလှိုင်းလုံးကြီးတွေ ရိုက်ခတ်သွားခဲ့ရပါတယ်။

အရှိန်နဲ့ လှိမ့်တက်လာတဲ့ အမြင့်ပေ ၃၃ ပေခန့်ရှိတဲ့ ဧရာမလှိုင်းလုံးကြီးတွေဟာ ကမ်းခြေမြို့ ဆန်ဒိုင်းကို ဖုံးလွှမ်းသွားခဲ့ပြီး မော်တော်ကားတွေ လူနေအိမ်တွေ သင်္ဘောတွေကို ဝါးမြိုသွားခဲ့ကာ ဒီရေပြန်အကျမှာ အပျက်အစီးတွေဟာ လှိုင်းနဲ့အတူ ပင်လယ်ထဲမျောပါသွားခဲ့ပါတယ်။

ငလျင်ကြီးရဲ့ပြင်းအားက ၈. ၉ richter scale ရှိပြီး ဂျပန်ကမ်းရိုးတန်း အလွန် ကီလိုမီတာ ၁၃ဝ အကျယ်အဝန်းကို ဗဟိုပြုလှုပ်ခါတာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ သုတေသန လေ့လာချက်တွေအရသိရပါတယ်။

တိုကျိုမြို့တော် မှာ လွှတ်တော် အစည်းအဝေး ကျင်းပတုန်း ငလျင်လှုပ်သွားခဲ့တာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်Naoto Kan က လွှတ်တော် အစည်းအဝေးကို ရပ်လိုက်ပြီး မြေငလျင်အရေးပေါ် ကယ်ဆယ်ရေးကော်မီတီ ဖွဲ့စီးခဲ့ကာ ကိုယ်တိုင် ဥက္ကဌအဖြစ်ဆောင်ရွက်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစီးဆောင်ရွက်နေပါတယ်။

နောက်ပိုင်းမှာ တိုကျိုမြို့မှာ အင်အားပြင်းတဲ့ နောက်ဆက်တွဲ တုန်ခါမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

တိုကျိုမြို့ ဝန်းကျင် ရှိ နေအိမ် တိုက်တာ ၄ သန်းမှာ လျှပ်စစ်မီး ပြတ်တောက်သွားပြီး မီးလောင်မှု တချို့ ဖြစ်ပွားပါတယ်။

နိုင်ငံမြောက်ဖက်ဆီ ပြေးဆွဲတဲ့ ကျည်ဆံ အမြန်ရထားလိုင်း ကိုလဲရပ်ဆိုင်းလိုက်ပါတယ်။

တိုကျိုမြို့လည် ရောက်နေကြတဲ့ ဂျပန်လူမျိုးတွေက ငလျင်လှုပ်ပုံက ကြောက်စရာ ကောင်းလွန်းလို့ သူတို့ သေတော့မှာပဲလို့ စိုးရိမ်ကြပုံကို ပြောကြပါတယ်။

တိုကျို နိုင်ငံတကာ နာရီတာ လေဆိပ်ကိုလဲ အဝင်အထွက် ပိတ်ထားပါတယ်။

ဆူနာမီရေလှိုင်းနဲ့ သင်္ဘောတွေလဲ မျောပါကုန်လို့ ရေကြောင်းလိုင်းတွေပါ နိုင်ငံအနှံ့ ရပ်ဆိုင်းထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

ဆန်ဒိုင်းမြို့ မြောက်ဖက် ပင်လယ် ကမ်းခြေမြို့ အီဝါတီ မှာလဲ ဆူနာမီ လှိုင်းကြီးက မော်တော်ကားတွေ၊ ကုန်တင်ကားတွေ နဲ့ နေအိမ်တိုက်တာ တွေပါ တိုက်စားသွားပါတယ်။

ဖူကုရှီမာ ရှိနျူးကလီးယားစက်ရုံမှာ လေအေးပေးစံနစ် အလုပ်အလုပ်တော့တဲ့အတွက် အရေးပေါ်အခြေအနေကြေညာထားပါတယ်။

နောက် နျူးကလီးယား စက်ရုံဖြစ်တဲ့ မီယာကြီး နျူးကလီးယားစက်ရုံမှာ မီးလောင်နေတယ်လို့ သိရပြီး နျူးကလီးယားစိမ့်ယိုမှုတွေမတွေ့ရဘူးလို့ အာဏာပိုင်တွေကပြောပါတယ်။

ငလျင်လှုပ်တာကို ကြိုတင်ခန့်မှန်းနိုင်ဖို့ ခက်တယ်လို့ သြစတြေးလျ အခြေစိုက် ဘူမိဗေဒပညာရှင် ဒေါက်တာ သန်းနိုင်က ပြောပါတယ်။

မကြာခင်က ငလျင်လှုပ်ခဲ့တဲ့ နယူးဇီလန်၊ အင်ဒိုနီရှား၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုကာလီဖိုးနီယား ကမ်းရိုးတန်း ဟဝိုင်ယီ စတဲ့ ဒေသတွေဟာ မီးတောင်တွေ ပေါက်နိုင် ငလျင်တွေ လှုပ်နိုင်တဲ့ မတည်ငြိမ်တဲ့ ဒေသတွေ ဖြစ်လို့ ဘူမိဗေဒပညာရှင်တွေက Ring of Fire လို့ ခေါ်ကြတယ်လို့ သူကပြောပါတယ်။

အခုငလျင်ဒဏ်ကြောင့် အင်ဒိုနီရှား ဖိလိပိုင် တိုင်ဝမ် မီယာမီ စတဲ့ဒေသတွေမှာ ဆူနာမီရေလှိုင်း ရိုက်ခတ်နိုင်တယ်လို့ သတိပေးမှုတွေ လုပ်ခဲ့ပေမဲ့ အခုတော့ သတိပေးချက်တွေကို ရုတ်သိမ်းလိုက်ပါပြီ။

ဂျပန်နိုင်ငံမှာ လောလောဆယ် လူ ၃၀၀ ခန့်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ သတင်းရပေမဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်ကို ခန့်မှန်းလို့ မရနိုင်သေးပါဘူး။