ငလျင်ဒဏ်ကြောင့် ဂျပန် ဓါတ်အားပေးစက်ရုံ ပေါက်ကွဲ

ဂျပန်နိုင်ငံမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ကြီးမားတဲ့ မြေငလျင်ဒဏ်ကို ခံလိုက်ရတဲ့ ဖူကူရှီးမားမြို့ နျူကလီယား ဓါတ်အားပေးစက်ရုံမှာ ပေါက်ကွဲမှုကြီး တခု ဖြစ်ပွားခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဓါတ်အားပေးစက်ရုံ အမှတ် ၁ အဆောက်အဦး ရဲ့ နံရံတွေနဲ့ ခေါင်မိုး ပြိုကျသွားပါတယ်

ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် နျူကလီးယား ဓတ်အားပေးစက်ရုံ အမှတ် ၁ အဆောက်အဦးရဲ့ နံရံတွေနဲ့ ခေါင်မိုး ပြိုကျသွားတာကို ဂျပန် ရုပ်မြင်သံကြား NHK ကနေ ပြသသွားပါတယ်။

ပေါက်ကွဲမှုကြောင့် နျူကလီးယား ဓါတ်ပေါင်းဖို ကို ကြီးကြီးမားမား ထိခိုက်မှု မဖြစ်နိုင်ဘူးလို့ ဂျပန်နျူကလီးယား အန္တရာယ် ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။ အခုတော့ အဆောက် အဦးရဲ့ သံဘောင်တွေသာ ထီးထီးကြီး ကျန်ရှိ ပါတော့တယ်။

ဒီအဆောက်အဦး ထဲမှာ နူကလီယား ဓါတ်ပေါင်းဖို တည်ဆောက်ထားတာ ဟုတ်မဟုတ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ အလုပ်သမား ၄ ဦးတော့ ဒဏ်ရာရရှိ သွားပါတယ်။

စောစောပိုင်းကတော့ မြေငလျင်ကြောင့် ဒီစက်ရုံက အအေးပေးစနစ် ချို့ယွင်းခဲ့ကာ နျူကလီးယားလောင်စာ တချို့ အရည်ပျော်ခဲ့တဲ့ အတွက် အန္တရာယ်ရှိနိုင်ကြောင်း အရာရှိ တွေက သတိပေးခဲ့ ပါသေးတယ်။

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီကလည်း ဒီစက်ရုံပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး နောက်ထပ် သတင်းအချက်အလက်တွေကို အစောတလျင် ရနိုင်ဖို့ ကြိုးစား နေတယ်လို့ ပြောပါတယ်။

ဘေးလွတ်ရာကို ထွက်ခွာရမယ့် နယ်မြေ သတ်မှတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption လူတွေဘေးလွတ်ရာကို ထွက်သွားဖို့ ရဲတွေက လိုက်လံ ဆော်သြနေပါတယ်

ပျက်ဆီးသွားတဲ့ ဒီနျူးကလီးယား ဓါတ်အားပေး စက်ရုံတဝိုက် ကီလိုမီတာ ၂၀ အထိကို ဘေးလွတ် ရာကို ထွက်သွားရမယ့် နယ်မြေ အဖြစ် ဂျပန်အာဏာပိုင်တွေက တိုးချဲ့ သတ်မှတ် လိုက်ပါတယ်။

ဒီစက်ရုံရဲ့ ကီလိုမီတာ ၆၀ အတွင်းမှာ ခရီးသွား ဖို့ လုပ်နေတဲ့ ဘီဘီစီသတင်းထောက် တဦး ဟာလည်း ရဲတွေလမ်းပိတ်ထားလို့ သွားမရ ဖြစ်ခဲ့ပါတယ်။ စက်ရုံနဲ့ နီးတာနဲ့အမျှ အန္တရာယ် အရမ်းရှိနိုင်ကြောင်း ရဲက သူ့ကို ပြောတယ်လို့ ဆိုပါတယ်။

အဲဒီနယ်မြေကနေ ထွက်ခွာလာကြတဲ့ ကားတွေနဲ့ ဘတ်စကား တန်းကြီးကို တွေ့ခဲ့ရတယ်လို့ သတင်းထောက်က ပြောပါတယ်။

ပျက်ဆီးသွားတဲ့ စက်ရုံအနီးမှာ ဓါတ်ရောင်ခြည်ပျံ့နှံ့မှုအဆင့် ဘယ်လောက် ရှိတယ်ဆိုတာကို စောင့်ကြည့်နေတယ်လို့ အစိုးရ တာဝန်ရှိသူက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ကိုလည်း သူကပြောပါတယ်။

သေဆုံးသူ ၁၃၀၀ ကျော်သွားပြီ

ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption သေဆုံးသူ အများစုဟာ ရေလှိုင်းကြီးတွေ ရိုက်ခတ်လို့ ရေနစ်ပြီး သေဆုံးခဲ့ကြရတာဖြစ်

ကြီးမားတဲ့ မြေငလျင် လှုပ်ခတ်ပြီး၊ ဆူနာမီ ရေလှိုင်း ရိုက်ခတ်ခဲ့လို့ သေဆုံးခဲ့ရသူ အရေ အတွက်ဟာ ၁၃၀၀ ကျော်သွားပြီလို့ အတည်ပြု နိုင်ပြီ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို အကြီးအကျယ် ဆောင်ရွက်နေပါတယ်။ သေဆုံးခဲ့ရသူအများစုဟာ ကြီးမားတဲ့ ဧရာမ ရေလှိုင်းကြီးတွေ ရိုက်ခတ်လို့ ရေနစ်ပြီး သေဆုံး ခဲ့ ကြရတာ ဖြစ်ပါတယ်။

ရေလှိုင်းကြီးတွေဟာ ဂျပန်နိုင်ငံအရှေ့မြောက်ဖက် ကမ်းခြေတလျောက် ကုန်တွင်းပိုင်း ၁၀ ကီလိုမီတာ အထိ ဝင်ရောက် တိုက်စား သွားခဲ့တာ ဖြစ်ပါတယ်။

ရွာတွေဟာဆိုရင် ရွာလုံးကျွတ် ရေထဲပါသွားခဲ့ပြီး၊ လူပေါင်း ၂ သောင်းလောက်ရှိတဲ့ ရီကူဇန် တာကာဒါမြို့ ဟာလည်း အကြီးအကျယ်ပျက်စီးသွားခဲ့ပြီး၊ အဲဒီမြို့မှာ အလောင်း ၄၀၀ လောက် တွေ့ခဲ့ရ ပါတယ်။

လူပေါင်း ၂ သိန်းကျော်ဟာ အရေးပေါ် အမိုးအကာတွေ လိုအပ်နေပါတယ်။ သောင်းနဲ့ချီတဲ့ ဂျပန်တပ်ဖွဲ့တွေနဲ့ သင်္ဘော၊ လေယာဉ် ရာပေါင်းများစွာကို ကယ်ဆယ် အကူအညီပေးရေး လုပ်ငန်းတွေ အတွက် ချထားပါတယ်။

နိုင်ငံပေါင်း ၅၀ ကျော် ကလည်း အကူအညီတွေ ပေးပို့ ခဲ့ကြပါတယ်။