ဂျပန် ငလျင် လူသုံးရာ ကျော်သေ

  • 12 မတ် 2011
Japan ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးသူ အရေအတွက် တိုးလာနိုင်

ဂျပန် ငလျင်နဲ့ ဆူနာမီ အပြီးမှာ အပျက် အစီး အဆုံး အရှုံးတွေကို ဂျပန် အစိုးရ အာဏာပိုင်တွေက ခန့်မှန်း တွက်ချက်နေပြီး ခုနောက်ဆုံး သိရ သလောက် လူသုံးရာ လောက် သေဆုံး ခဲ့တယ်လို့ အစိုးရက ကြေငြာ သွားပါတယ်။

ငလျင် ဗဟို ချက်မနားက ဆင်ဒိုင်း ကမ်းရိုးတန်း မြို့လေး တဝိုက်မှာ လူငါးရာကျော် ပျောက်နေ တာမို့ သေဆုံးသူ အရေအတွက်ဟာ အများကြီး မြင့်တက် လာနိုင်ပါတယ်။

ဂျပန် ငလျင် သမိုင်းမှာ ခုလှုပ်သွားတဲ့ ငလျင်ဟာ အင်အား အပြင်းဆုံး ဖြစ်ပြီး ငလျင်ကြောင့် ပေသုံးလေးဆယ်မက မြင့်တဲ့ လှိုင်းလုံးကြီးတွေ ထပြီး ကုန်းတွင်းပိုင်းထိ ရေတက် လာခဲ့ပါတယ်။

လှိုင်းတွေ ပြန်အကျမှာ ကားတွေ၊ အိမ်တွေနဲ့ လှေတွေကို ပင်လယ်ထဲ ဆွဲချသွားတာကို ရုပ်မြင်သံကြား ပြသချက်တွေမှာ တွေ့ရပါတယ်။

ငလျင်ဟာ ပြင်းအား ရစ်ခတာ စကေး ၈ ဒဿမ ၉ ထိရှိပြီး ဂျပန် အရှေ့ဘက် ကမ်းရိုးတန်းကနေ ကီလိုမီတာ တရာ့သုံးဆယ် အကွာနေရာကို ဗဟိုပြု လှုပ်သွားတာ ဖြစ်ပါတယ်။

လောလောဆယ် ဆင်ဒိုင်းမြို့က မြေအောက် ရထားတွေ ရပ်နေပြီး အိမ်အတော် များများ မှာလည်း လျှပ်စစ်မီး မရှိ ဖြစ်နေပါတယ်။

ဓာတ်ရောင်ခြည် ယိုစိမ့်မှု စိုးရိမ်ရ

ဒီအတော အတွင်းမှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ညူးကလီးယား ဓာတ်အားပေး စက်ရုံထဲကနေ ထွက်လာတဲ့ ဓာတ်ရောင်ခြည် ပမာဏဟာ ပုံမှန်ထက် အဆ တထောင်ထိ မြင့်တက် လာခဲ့တယ်လို့ ဂျပန် အစိုးရ တာဝန်ခံတွေက ပြောပါတယ်။

ဓာတ်ရောင်ခြည် ယိုစိမ့်မှု ဖြစ်မဲ့ အန္တရယ် စိုးရိမ်ရတဲ့အတွက် ဖူကူရှီးမား ဒိုင်အိချိ ဓာတ်အားပေး စက်ရုံနားမှာ နေထိုင်သူ သုံးထောင်လောက်ကို တခြား တနေရာကို ယာယီ ရွှေ့ထားဖို့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။

စက်ရုံ တဝိုက်က အန္တရယ် ရှိနိုင်တယ်လို့ သတ်မှတ်ထားတဲ့ နယ်မြေ အကျယ်အဝန်း ကိုလည်း ထပ်ပြီး တိုးချဲ့ ခဲ့ပါတယ်။

ငလျင်ကြောင့် စက်ရုံက ရေနွေးငွေ့ အအေးပေးတဲ့ စနစ် အလုပ် မလုပ်တော့ဘူးဆိုတာ သိရပြီးနောက် ဂျပန် အာဏာပိုင်တွေက အရေးပေါ် အခြေအနေ ကြေငြာ ခဲ့ပါတယ်။

အစောပိုင်းက အမေရိကန်က အအေးပေးတဲ့ ကိရိယာတွေ ပို့ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပေမယ့် အမေရိကန် အစိုးရက သူတို့ ဘာမှ မပို့ ပေးခဲ့ဘူးလို့ ရှင်းရှင်း လင်းလင်း အသိ ပေးခဲ့ပါတယ်။

ဆူနာမီ သတိပေးချက် ထုတ်ပြန်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပစိဖိတ် ရပ်ဝန်းမှာ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား

ဂျပန် ငလျင် လှုပ်ပြီးနောက် ပစိဖိတ် ရပ်ဝန်းက နေရာ အတော် များများမှာ ဆူနာမီ သတိ ပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အမေရိကန် အနောက်ဘက် ကမ်းရိုးတန်း ဒေသက တချို့ နေရာတွေမှာ အမြင့် ခြောက်ပေ ကျော်ကျော် ရှိတဲ့ ဆူနာမီ လှိုင်းလုံးတွေ လာရိုက်တဲ့ အတွက် လူထောင်နဲ့ချီပြီး ကိုယ့်အိမ်တွေကနေ အမြင့်ပိုင်း နေရာတွေကို ခဏ ရွှေ့ခဲ့ရပါတယ်။

ဟာဝိုင်ယီကျွန်းက ကမ်းခြေ အတော် များများမှာ ရေတက်ပေမယ့် ကြီးကြီး မားမား ပျက်စီးမှုတွေ မရှိခဲ့ပါဘူး။

ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ကူရီး ကျွန်းစုတွေ ဆီလည်း လှိုင်းနည်းနည်း လာရိုက်ပါတယ်။

တောင်အမေရိကက ချီလီနဲ့ မက္ကဆီကို နိုင်ငံတွေမှာ သင်္ဘောဆိပ်တွေနဲ့ ကျောင်းတွေ ပိတ်ထားပြီး ထောင်နဲ့ချီတဲ့ လူတွေကို ကုန်းတွင်းပိုင်းကို ခဏ ပို့ထားဖို့ စီစဉ်နေပါတယ်။