အဆိုးဆုံး အကျပ်အတည်းနဲ့ ဂျပန် ရင်ဆိုင်နေရ

  • 13 မတ် 2011

ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်း အဆိုးဝါးဆုံးသော အကျပ် အတည်းနဲ့ ရင်ဆိုင် နေရတယ်လို့ ဝန်ကြီးချုပ် နာအိုတိုကမ်းက ပြောကြား လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြည်သူတွေ ညီညွတ်ကြဖို့ မစ္စတာကမ်းက ပန်ကြား လိုက်ပါတယ်

တိုင်းပြည်ဟာ သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီဒဏ်ကို ခံခဲ့ရပြီး အခု နျူကလီးယား အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရ တယ်လို့ မစ္စတာ ကမ်းက ပြောကြားသွား ပါတယ်။

အခုလို ကြီးမားတဲ့ မြေငလျင်ဒဏ်ကို ခံခဲ့ ကြရပြီးနောက် ပြည်သူတွေ အနေနဲ့ ညီညွတ်ကြဖို့ကို မစ္စတာကမ်းက ပန်ကြား လိုက်ပါတယ်။ နောက်ပြီး တိုကျိုမြို့မှာ လျှပ်စစ်မီး ဖြတ်ထား ဖို့လည်း လိုအပ်နေ တယ်လို့ သူကပြောပါတယ်။

အာဏာပိုင်တွေကဟာ မနေ့က ပေါက်ကွဲခဲ့ ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေးစက်ရုံမှာ နောက်ထပ် နျူကလီးယားလောင်စာချောင်းတွေ အရည်မပျော်ဖို့ ကြိုးစားဆောင်ရွက်နေ ကြပါတယ်။

ဒါပေမယ့်လည်း အပူလွန်ကဲနေတဲ့ ဓါတ်ပေါင်းဖိုတခုကို အေးအောင်လုပ်ရာမှာ အောင်မြင်မှု မရဖြစ်နေတာကြောင့် နောက်ထပ် ပေါက်ကွဲမှုတခု ထပ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဓါတ်ပေါင်းဖိုတခုရဲ့ အဖုံးဟာလည်း အလုပ်မလုပ်တော့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါ တယ်။

နျူကလီးယား ဓါတ်ရောင်ခြည်သင့်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လူပေါင်း ၁၉ ဦးကိုလည်း ဓါတ်ရောင်ခြည် သင့်လို့ ဆေးကုသပေး နေရပါတယ်

အခု ထိခိုက်ပျက်ဆီးမှု ရှိနေတဲ့ ဖူကူရှီမား နျူကလီးယား ဓါတ်အားပေးစက်ရုံ အနီး တနေရာမှာတော့ နျူကလီးယား ဓါတ်ရောင် ခြည်သင့်မှု ဟာ အန္တရာယ်ကင်းတဲ့ အဆင့် ထက် ကျော်လွန်နေတယ် ဆိုတာကို အာဏာပိုင်တွေက ဝန်ခံခဲ့ပါပြီ။

ရာပေါင်းများစွာသော လူတွေဟာလည်း အဲဒီ နေရာကနေ ထွက်ခွာသွား နေပါတယ်။ ရောင်ခြည်သင့်တဲ့ ဒဏ်ကို ခံခဲ့ရလို့ အနည်းဆုံး လူပေါင်း ၁၉ ဦးကိုလည်း ဆေးကုသပေး နေရပါတယ်။

စက်ရုံအနီး ကီလိုမီတာ ၂၀ အထိ သတ်မှတ်ထားတဲ့ တားမြစ်နယ်မြေကနေ ထွက်ခွာသွား နေတဲ့ လူတွေကို အကာကွယ်တွေ ဝတ်ဆင်ထားတဲ့ အလုပ်သမားတွေက စမ်းသပ် စစ်ဆေး မှုတွေ ပြုလုပ်နေပါတယ်။

အစိုးရကတော့ လူတွေရဲ့ ကျန်းမာရေးကို မထိခိုက် နိုင်ပါဘူးလို့ နှစ်သိမ့်ပြောဆိုနေပေမယ့် လူအများစုကတော့ ယုံကြည်မှုမရှိ ဖြစ်နေပါတယ်။

ကယ်ဆယ်ရေး တိုးမြှင့်ဆောင်ရွက်

ဓာတ်ပုံ မူပိုင် AFP
Image caption မီရာဂျီမြို့မှာ လူပေါင်း ၁ သောင်းကျော် သေဆုံးနိုင် တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်

အခုဆိုရင် ဆူနာမီဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံး ရတဲ့ အတိုင်းအတာကို ပိုပြီး သိသိသာသာ မြင်လာနေရပြီ ဖြစ်တဲ့အတွက် ကယ်ဆယ် ဆောင်ရွက်မှုတွေမှာ ကူညီဖို့ အာဏာပိုင် တွေဟာ မြောက်များစွာသော စစ်သားတွေနဲ့ ရဲတွေကို အုပ်စုလိုက် စေလွှတ်နေပါတယ်။

အဆိုးဝါးဆုံး ခံလိုက်ရတဲ့ ဒေသတခုဖြစ်တဲ့ နိုင်ငံမြောက်ဖက် ကမ်းရိုးတမ်းဒေသက မီရာဂျီမြို့မှာ လူပေါင်း ၁ သောင်းကျော် သေဆုံးနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကူညီကယ်ဆယ်ရေးအတွက် တပ်ဖွဲ့ဝင်အရေအတွက်ကို ၂ ဆတင်ကာ ၁ သိန်းအထိတိုးမြှင့် လိုက်ပြီး၊ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ နောက်ထပ် ၂ သိန်းခွဲ ထပ်တိုးလိုက်ပါတယ်။

ဆူနာမိဒဏ်ကို တစိတ်တပိုင်း ခံလိုက်ရတဲ့ ဆန်ဒိုင်း မြို့ အရှေ့မြောက်ဘက် လူသူဝေးတဲ့ ကမ်းခြေမြို့တွေမှာ သေကြေ ပျက်ဆီးခဲ့တာတွေ အားလုံးကို တွေ့မြင်လာရပြီ ဖြစ်ပါတယ်။