ဂျပန် နယူးကလီးယား စက်ရုံ ပေါက်ကွဲမှုဖြစ်

  • 13 မတ် 2011
Fukushima ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဖူကူးရှီမား ဓာတ်အားပေး စက်ရုံ အပူလွန်ပြီး ပေါက်ကွဲ

ငလျင်နဲ့ ဆူနာမီ ဝင်ဖျက်ဆီးသွားပြီး နောက် ခုဂျပန် နိုင်ငံမှာ နယူး ကလီးယား ဓာတ်ရောင်ခြည် ပျံ့နှံ့မှု အန္တရယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ငလျင် ဗဟိုချက်မရဲ့ တောင်ဘက်၊ တိုကျိုမြို့ မြောက်ဘက် ကီလိုမီတာ နှစ်ရာ့ငါးဆယ် လောက်မှာ တည်ရှိတဲ့ ဖူကူးရှီးမား နယူးကလီးယား ဓာတ်အားပေး စက်ရုံ နှစ်ရုံထဲမှာ သောကြာနေ့ ငလျင်မှာ ပျက်စီး သွားတဲ့ စက်ရုံ တခုကနေ ဓာတ်ရောင်ခြည်တွေ ပျံနှံ့ ထွက်ရှိ လာနေပါတယ်။

လောလောဆယ် ဓာတ်အားပေး စက်ရုံ တဝိုက်ကို အစိုးရက တားမြစ် နယ်မြေ အဖြစ် သတ်မှတ်ထားပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေကိုလည်း တခြားကို ပြောင်းရွှေ့ နေရာ ချထားပေးနေပါတယ်။

အစိုးရက စိုးရိမ်စရာ မရှိဘူးလို့ ကြိုးစား ဖျောင်းဖျနေပြီး ခုပေါက်ကွဲမှု ဖြစ်တာဟာ ဓာတ်အားပေး စက်ရုံထဲမှာ အအေးပေး စနစ် ပျက်သွားရာကနေ အပူလွန်ပြီး ရိုးရိုး ပေါက်ကွဲမှုဖြစ်တာ၊ ဓာတု ပေါက်ကွဲမှု ဖြစ်တာ၊ အထဲက နယူးကလီးယား လောင်စာချောင်းတွေ ပျော်ကျ ပျက်စီးတာ မဟုတ်ဖူးလို့ ပြောနေပါတယ်။

ဒါပေမယ့် ဒေသခံတွေကတော့ ဓာတ်ရောင်ခြည်တွေက ဒိထက် ဝေးဝေးထိ ပြန့်လာနိုင်တာပဲ၊ တကယ့်ကို စိတ်ပူစရာပါလို့ တယောက်က ပြောပါတယ်။

ပြောခဲ့သလို အစိုးရက ဖူကူရှီးမား ဓာတ်အားပေး စက်ရုံ အမှတ် ၁ တဝိုက်ကို တားမြစ်နေမြေ အဖြစ်သတ်မှတ်ထားတာမို့ သတင်းထောက်တွေလည်း မသွားနိုင်ပါဘူး။

ခုလောလောဆယ် တားမြစ်နေမြေက စက်ရုံကနေ ဆယ်ကီလိုမီတာ ပတ်ပတ်လည် အကွာအဝေးထိ မဝင်ရဘူးလို့ သတ်မှတ်ထားပေမယ့် ရဲက ဟိုးအဝေးကြီးကတည်းက တားထားပြီး ဝင်ခွင့်မပေးတော့ပါဘူး။

ကီလိုမီတာ ၆၀ အကွာလောက်ကနေကို ဆက်သွားခွင့် မပြုတော့ပဲ ဒါကို ကြည့်ရင် ခုပေါက်ကွဲမှုကို ဂျပန် အစိုးရ အာဏာပိုင်တွေက ဘယ်လောက်ထိ လေးလေးနက်နက် သဘောထားလဲဆိုတာ သိနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပေါက်ကွဲမှု ဖြစ်ရာ နေရာ တဝိုက်ကို တားမြစ်နေရာ သတ်မှတ်ထား

ဒီတော့ လမ်းဘေးကနေ ထိုင်စောင့်ပြီး ကြည့်နေရာမှာ မော်တော်ကားတွေ၊ မော်တော်ကားတွေနဲ့ လူတွေကို တခြားကို ရွှေ့ပြောင်းပေးနေတာတွေ တွေ့ရပါတယ်။

တချိန်ထဲမှာ ရဲတွေက လော်စပီကာတွေနဲ့ လူတွေကို ညွှန်ကြားချက်တွေ အဆက်မပြတ် ပေးနေတယ်လို့ သူတွေ့ခဲ့ရတာကို ပြောပြပါတယ်။

တချို့ ပြောပြတာကတော့ တချို့ဆိုရင် ဘယ်သွားလို့ ဘယ်သွားရမှန်းတောင် မသိကြဘူလို့ ဆိုပါတယ်။

အန္တရယ် ကျရောက်မှု အတိုင်းအတာက ကြီးလွန်းတဲ့ အတွက်ကြောင့် အစိုးရကိုယ်တိုင် ဒီလူတွေ အားလုံးကို နေစရာ စီစဉ်ပေးဖို့ လွယ်မှာ မဟုတ်ပါဘူး။

ဒီတော့ ကိုယ့်မိဘ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေဆီပဲ ခဏ သွားနေရမဲ့ပုံရှိတာ သိရပါတယ်။

အစိုးရ အတွက်ကတော့ နောက် နယူးကလီးယား စွမ်းအင်ဆိုင်ရာ တာဝန်ရှိသူတွေ အတွက်က စိန်ခေါ်မှုက ပိုပိုကြီးလာနေပါတယ်။

အစကတော့ ပေါင်းဖို တခုပဲ ပျက်စီးပြီး ရိုးရိုး ပေါက်ကွဲမှုလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပေါင်းဖို တခုမက ပျက်စီးသွားတယ်။

ဒါတင်မက ရိုးရိုး ပေါက်ကွဲမှုတင်မက နယူးကလီးယား ပေါက်ကွဲမှုထိ ဖြစ်လာနိုင်ပြီး ဓာတ်ရောင်ခြည် ယိုစိမ့်မှုထိ ဖြစ်လာနိုင်တယ်ဆိုတဲ့ အပြောတွေတောင် ထွက်လာနေပါတယ်။

ခုထိသိရသလောက်ကတော့ ဒီလို နယူးကလီးယား ပေါက်ကွဲမှု မဖြစ်သေးပါဘူး။

အစက တားမြစ်နယ်မြေကို ဆယ်ကီလိုမီတာ ဝန်းကျင်ပဲ သတ်မှတ်ထားတယ်၊ နောက်ပိုင်းမှာ ဒိထက် ချဲ့လာတယ်။

နောက်တခုက လူတွေအတွက် စိုးရိမ်စရာက နယူးကလီးယား ယိုစိမ့်မှုထက် နောက်ဆက်တွဲ ငလျင်လေးတွေ ဆက်တိုက် လှုပ်နေတာ ဖြစ်ပါတယ်။

ဂျပန် လူမျိုးတွေ အတွက်က ငလျင်နဲ့ မစိမ်းပေမဲ့ ခုလှုပ်သွားတဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေက ပုံမှန်လှုပ်နေကျထက် အများကြီး ပိုပြီး ပြင်းထန်တဲ့ငလျင်တွေ ဖြစ်တယ်လို့ နစ် ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထားပါတယ်။