ဂျပန်​နျူ​က​လီး​ယား​စက်​ရုံ​ပေါက်ကွဲ​မှုအန္တရာယ်

  • 14 မတ် 2011
ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption နျူကလီးယားစက်ရုံပေါ်ရဟတ်ယာဉ်ပျံဝဲ

ဂျပန်နိုင်ငံက ဓါတ်ပေါင်းဖို တခု ထပ်ပြီး ပေါက်ကွဲ သွားခဲ့ပြန်ပါပြီ။ နောက်ထပ်လည်း ပေါက်ကွဲ နိုင်တဲ့ အလားအလာတွေရှိနေသေးပါတယ်။

ဓါတ်ပေါင်းဖိုနံပါတ်သုံး ရှိတဲ့နေရာကနေ ပေါက်ကွဲသံထွက်လာပြီး မီးတောက် တခု ဟုတ်ကနဲ တက်လာပါတယ်။

အဲဒီနောက် မီးခိုးတန်းကြီးဟာ အဲဒီမီးတောက်ကို ကျော်ပြီး အထက် ကိုက်ပေါင်းထောင်ကျော်အထိ ထိုးတက်သွားပါတယ်။

ဒီနျူးကလီးယား ဓါတ်အားပေး စက်ရုံကို ငလျင်အာမခံ စနစ်နဲ့ ဆောက်လုပ်ထားတာပါ။

ငလျင် လှုပ်လိုက်တာနဲ့ တပြိုင်နက်တည်းမှာပဲ စက်ရုံဟာ အလိုအလျောက်ပိတ်သွားပါတယ်။

ဒါပေမဲ့ စက်ရုံရဲ့ အအေးခံ စနစ်က ဓါတ်အားအလုံအလောက်မရဘဲ ပျက်စီးသွားပါတယ်။

ကံဆိုးတာက အရေးပေါ်သုံးဖို့ အရံလျာထားတဲ့ ဒီဇယ်သုံး အအေးခံစနစ်ကလည်း ပျက်သွားပါတယ်။

ဒီတော့ အပူချိန်က မြင့်တက်လာပါတယ်။ အဲသလို အပူချိန်မြင့်တက်လာတဲ့ တချိန်တည်းမှာ ဟိုက်ဒြိုဂျင်ဓါတ်ငွေ့တွေကလည်း အပြင်ဘက်မှာ လျှံထွက်နေတဲ့ အတွက် အဲဒီဟိုက်ဒြိုဂျင်ဓါတ်ငွေ့ကို မီးလောင်ပြီး ပေါက်ကွဲမှု ဖြစ်ပွားရတာ ပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖူကူးရှီမာစက်ရုံကမီးခိုးလုံးတွေ

ပေါက်ကွဲမှုဟာ အဆောက်အဦးရဲ့ ခေါင်မိုးကို ပွင့်ထွက်သွားစေပြီး မီးတောက်နဲ့ မီးခိုးတွေ ကောင်းကင်ထဲ ထိုးတက်သွားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုထိ ကံကောင်းနေသေးတာက ပေါက်ကွဲမှုဖြစ်ပွားပြီး မီးတောက် မီးခိုးတွေဟာ အပေါ်ကို တွန်းကန်ထွက်သွားပေမယ့် နျူးကလီးယား ဓါတ်ပေါင်းဖိုကို ဖုံးအုပ်ကာကွယ်ထားတဲ့ အပြင်ဘက် အကာက ကွဲထွက်မသွားပါဘူး။

အဲဒီအပြင်ဘက် အကာသာ ကွဲထွက်ခဲ့ရင်တော့ အထဲက ပလူတိုနီယံ ယူရေနီယံ လောင်စာတွေလွင့်ထွက်သွားပြီး ရေဒီယိုသတ္တိကြွ အဆိပ်တွေဟာ အပြင်ဘက်ကို အမြောက်အမြား ပြန့်နှံ့သွားမှာပါ။

အဲသလို ဖြစ်ခဲ့ရင်တော့ အလွန်ဆိုးဝါးတဲ့ နျူးကလီးယား ကပ်ဆိုးကြီး ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

အဲသလို အခြေအနေမရောက်အောင် ထိန်းသိမ်းနေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ကြိုးစားကာကွယ်နေကြတဲ့ ကြားကပဲ ဓါတ်ပေါင်းဖို နံပါတ်တစ်နဲ့ နံပါတ်သုံးတို့ ပေါက်ကွဲခဲ့ပြီးပါပြီ။

နောက်ထပ်လည်း ဓါတ်ပေါင်းဖို နံပါတ် ၂ နဲ့ နံပါတ် ၄ တို့ဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ အန္တရာယ် ရင်ဆိုင်နေရသေးတဲ့ အတွက် မပေါက်ကွဲအောင် အပူချိန်လျော့ချနိုင်အောင် အစွမ်းကုန်ဆက်လက် ကြိုးစားနေကြပါတယ်။

ပေါက်ကွဲမှုဒဏ်ကို အပြင်ဘက် ဓါတ်ပေါင်းဖို အကာက ခံနိုင်နေသေးသမျှမှာတော့ အထဲက နျူးကလီးယားလောင်စာချောင်းတွေ အပူချိန်တက်ပြီး အရည်ပျော်ကျတဲ့တိုင်အောင် အပြင်ဘက်ကို ရေဒီယိုသတ္တိကြွဓါတ်တွေ အများအပြား ပြန့်နှံ့ဦးမှာ မဟုတ်ပါဘူး။

အခုလောလောဆယ် စက်ရုံအပြင်ဘက်မှာ ရေဒီယိုသတ္တိကြွဓါတ်တွေ နည်းနည်း ပြန့်နေပါတယ်။

ဒါပေမဲ့ ကျန်းမာရေး အတွက် သိပ်အန္တရာယ်ရှိနိုင်လောက်အောင် များပြားတဲ့ အတိုင်းအတာမဟုတ်ပါဘူး။ ဓါတ်မှန်ရိုက်တဲ့အခါ ကျနော်တို့ ကိုယ်ပေါ်ကို ကျရောက်တဲ့ ပမာဏလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။