ညီညွတ်ပြီး တည်ဆောက်ရေးမှာ ပါဝင်ဖို့ ဝန်ကြီးချုပ် ပန်ကြား

  • 14 မတ် 2011
ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption Fukushima က နျူကလီးယား စက်ရုံတွေ

ဂျပန်နိုင်ငံက နျူကလီးယား ကျွမ်းကျင်သူ ပညာရှင်တွေဟာ သောကြာနေ့ တုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်ဆီးသွားတဲ့ နျူကလီးယား စက်ရုံကို ဘေးအန္တရယ် မကျရောက်အောင် ထိန်းသိမ်းပြုပြင် နေကြပါတယ်။

တိုကျိုမြို့ကနေ အရှေ့မြောက်ဖက် ကီလို နှစ်ရာကျော်မှာရှိတဲ့ ဖူကူရှီးမား အရပ်မှာ ရှိတဲ့ နျူကလီးယာ စက်ရုံနှစ်ရုံမှာ အပူရှိန် နည်းပြီး အနုမြူ လောင်စာချောင်းတွေ အရည်ပျော်တာ ရပ်သွားအောင် နောက်ဆုံး ကြိုးပမ်းချက် အနေနဲ့ ပင်လယ်ရေ တွေကို စုတ်ပြီး ဓါတ်ပေါင်းဖို တွေပေါ် ပက်ဖြန်း နေကြပါတယ်။

လတ်တလောမှာ သတ်မှတ်ထားတာတဲ့ ပမာဏထက် အနုမြူ ဓါတ်ရောင်ခြည် ပိုတိုးထွက်မှုတွေ ထပ်ဖြစ်နိုင်သေးတယ်လို့ အင်ဂျင်နီယာတွေက ပြောပါတယ်။

စနေနေ့ တုန်းကတော့ ဟိုက်ဒရိုဂျင် ဓါတ်ငွေ့တွေ ပန်းထွက်လာပြီး စက်ရုံ အမိုးတွေ ပွင့်ထွက် ကုန်တယ်လို့ သိရကာ ဒါမျိုးထပ်ဖြစ် နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပေမယ့် ဆိုးရွားတဲ့ အနျူမြူ ဓါတ်ရောင်ခြည် သင့်မှုတဲ့ အန္တရာယ် ကျရောက်မှုမျိုး မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

တခြား နျူကလီးယား စက်ရုံ နှစ်ခု ဖြစ်တဲ့ Onagawa နဲ့ Tokai ကတော့ ဆိုးရွားတဲ့ ပြဿနာ သိတ်မရှိဘူလို့ သတင်းရရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ဂျပန် ဝန်ကြီးချုပ် နာအာတို ခမ်း

ဂျပန်နိုင်ငံမှာ သောကြာနေ့က ကြုံတွေ့ခဲ့ရတဲ့ မြေငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ထိခိုက်ပျက်ဆီးမှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ညီညွတ်ကြဖို့နဲ့ ပြန်လည် တည်ဆောက် ရေးမှာ ပါဝင် ကူညီကြဖို့ တိုင်းပြည်က လူထုကို ဝန်ကြီးချုပ် နာအာတိုခမ်းက ပန်ကြား ဆော်သြလိုက်ပါတယ်။

အခု ကြုံခဲ့ရတဲ့ မြေငလျင် ၊ ဆူနာမီနဲ့ နျူကလီးယား စက်ရုံတွေရဲ့ စိုးရိမ်ရတဲ့ အခြေအနေတွေဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း နှစ်ငါးဆယ် အတွင်း အဆုံးဝါး အခက်ခဲ ဆုံး ဖြစ်ပြီး ဒီပြဿနာတွေကို ကျော်လွှားနိုင်ပါ့ မလားဆိုတာကတော့ ဂျပန်လူမျိုးတိုင်း အပေါ်မှာ မူတည် ၊ တာဝန် ရှိပါတယ်လို့ ဝန်ကြီးချုပ် နာအာတိုခမ်း ပြောပါတယ်။

နိုင်ငံတွင်းက တချို့နေရာတွေမှာ ရိက္ခာ ၊ သောက်သုံးရေနဲ့ စက်သုံးဆီ ပြတ်လပ် နေပြီ ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။

ငလျင်နဲ့ ဆူနာမီဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ နေရာဖြစ်တဲ့ မြောက်ပိုင်း ကမ်းရိုးတမ်း က Miyagi ဒေသမှာ ပျောက်ဆုံးနေသူ တစ်သောင်းကျော် ရှိတယ်လို့ ရဲက ပြောပါတယ်။

နိုင်ငံထဲက နေရာ တော်တော်များများမှာ စွမ်းအင် ပြတ်လပ်နေပြီး အစိုးရ အနေနဲ့ လျှပ်စစ် ဓါတ်အား ပြတ်တောက်မှုတွေ ကြုံတွေ့နေရပြီလို့ သိရပါတယ်။

ဘေးကပ်ဆိုးကနေ လွတ်မြောက်ပြီး အသက်ရှင် ကျန်နေသူအများအပြားဟာ အရေးပေါ် ကယ်ဆယ်ရေး စခန်းမှာ စုဝေး နေကြရပြီး တချို့ဆိုရင် အနွေးပေးစက် မရှိဘဲ အေးအေးချမ်းချမ်းထဲမှာ နေထိုင်နေရတယ်လို့ သတင်းရရှိပါတယ်။

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် နျူကလီးယား စက်ရုံတွေက အနူမြူ လောင်စာချောင်းတွေဟာ လုံခြုံ စိတ်ချရပါ့မလား ဆိုပြီး နိုင်ငံ အတော် များများက စိတ်ပူနေကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမန် ဝန်ကြီးချုပ် Angela Merkel

ဂျပန်နိုင်ငံက ရင်ဆိုင် နေရတဲ့ ဘေးဒုက္ခဆိုးဟာ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ပြဿနာ ဖြစ်လာနေပြီလို့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel က ပြောပါတယ်။

ဂျာမဏီ နိုင်ငံအတွင်းက နျူကလီးယား စွမ်းအင်ထုတ် စက်ရုံတွေရဲ့ လုံခြုံစိတ်ချ ရမှုကိုလည်း ပြန်လည် သုံးသပ် တော့မယ်လို့ ဆိုပါတယ်။

ဂျာမန်က သက်တမ်းကုန်နေပြီ ဖြစ်တဲ့ နျူကလီးယား စက်ရုံဟောင်းတွေကို မပိတ်ပစ်ဘဲ ဆက်သုံးဖို့ ပြင်နေတဲ့ အစိုးရရဲ့ အစီအစဉ်ကို ထောင်သောင်းချီတဲ့ လူတွေက ဆန့်ကျင် ဆန္ဒပြပြီး တရက်အကြာမှာ မစ္စက် မာခဲလ် က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဂျပန် ဖြစ်ပျက်နေမှုတွေကို နမူနာယူပြီး အမေရိကန်က နျူကလီးယား စွမ်းအင်ထုတ် စက်ရုံတည်ဆောက်မှုတွေကို ရပ်သင့်ပြီလို့ ဒုတိယ သမ္မတဟောင်း ဆီးနိတ် လွှတ်တော် အမတ် Joe Lieberman က ပြောပါတယ်။

အနုမြူ စွမ်းအင် ဆိုင်ရာ နည်းပညာ တွေဟာ ထိန်းချုပ်ဖို့ ခက်ခဲပြီး အန္တရယ် သိတ်များတယ်လို့ နျူကလီးယား စွမ်းအင်ထုတ် စက်ရုံ တည်ဆောက်ရေး ဆန့်ကျင်သူ တွေက ဆိုပါတယ်။