ဂျပန် နျူကလီးယား စက်ရုံမှာ တတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပြန်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption နျူကလီးယား စက်ရုံကို ကောင်းကင်က မြင်ရပုံ

ဂျပန်နိုင်ငံမှာ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ဓါတ်အားပေး စက်ရုံကနေ ပေါက်ကွဲသံကြီး တခု ကြားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိုကျို လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီကတော့ သူတို့ စက်ရုံက ဝန်ထမ်းတွေကို ဘေးလွတ်ရာ ကယ်ထုတ်လိုက်နိုင်ခဲ့တယ်လို့ ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

သောကြာနေ့တုန်းက ကြုံတွေ့ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ပျက်စီးသွားတဲ့ နျူကလီးယား စွမ်းအင်ထုတ် စက်ရုံက အနုမြူ ဓါတ်ပေါင်းဖို တွေ အေးသွားအောင် ကြိုးစား လုပ်ဆောင်နေရာမှာ နိုင်ငံတကာက အကူအညီ ပေးဖို့ ဂျပန် အစိုးရ တောင်းဆိုလိုက်ပါတယ်။

အနုမြူ ဓါတ်ရောင်ခြည်တွေ ယိုစိမ့်နိုင်တဲ့ အန္တရယ် ဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ချေ သိတ်နည်း ပါတယ်လို့ ဂျပန် အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် နျူကလီးယား စက်ရုံတွေဟာ လှုပ်ခါသွားပြီး ရေလွှမ်းခံရကာ လျှပ်စစ်မီးလည်း ပြတ်တောက် ၊ အအေးပေးစနစ်လည်း အလုပ် မလုပ်တော့ တာကြောင့် ဒါတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ပညာရှင်တွေရဲ့ အကြံပေးချက် အကူအညီတွေ တောင်းခံ ထားတယ်လို့ အမေရိကန်က နျူကလီးယား စွမ်းအင်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption IAEA နိုင်ငံတကာ အနုမြူ အေဂျင်စီ ဥက္ကဌ ယူကီရာ အာမန်နို

ဒါ့အပြင် ကုလသမဂ္ဂ အနုမြူအေဂျင်စီ အိုင်အေအီးအေ အဖွဲ့ဆီမှာလည်း ဂျပန် အစိုးရက အကူညီ တောင်းထားတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းက သန်းနဲ့ချီတဲ့ လူတွေဟာ လေးရက်မြောက်နေ့ အဖြစ် သောက်သုံးရေ ၊ ရိက္ခာ ၊ လျှပ်စစ်မီးနဲ့ သဘာဝ ဓါတ်ငွေ့ ပြတ်လပ်မှုတွေ ကြုံတွေ့ နေရပါတယ်။

ငလျင်နဲ့ ဆူနာမီ ဒဏ်ကြောင့် လူပေါင်း ငါးသိန်းကျော်ဟာ အိုးအိမ်မဲ့ ဖြစ်နေကြ တယ်လို့ ကျိုဒို သတင်း အေဂျင်စီက ပြောပါတယ်။

ဆက်သွယ်ရေး စနစ် ကွန်ယက်တွေလည်း နေရာ တော်တော်များများမှာ ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် 1
Image caption သေဆုံး ပျောက်ဆုံးသူတွေ အတွက် ဝမ်းနည်း ငိုကြွေး

မနေ့က တနင်္လာနေ့ တုန်းကတော့ ကမ်းရိုးတမ်း တလျှောက်မှာ လူသေ အလောင်း နှစ်ထောင်လောက် မျောနေတာ တွေ့ရပြီး အဲဒီအထဲက တဝက်ကို ဆူနာမီ ဧရာမ လှိုင်းလုံးဒဏ် ခံခဲ့ရတဲ့ Minamisanriku မြို့မှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။

လူပေါင်း တသောင်းကျော် ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ မြောက်ပိုင်းက ငလျင်နဲ့ ဆူနာမီဒဏ်ခံရတဲ့ ဒုက္ခသည်တွေ အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝမ်းနည်းကြောင်း မနေ့က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဂျပန်မှာ ကြုံတွေ့ရတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုးကြီးကြောင့် သေဆုံး ပျက်ဆီး ထိခိုက်မှုတွေ အတွက် သူမနဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အားလုံးက ဝမ်းနည်းကြောင်း သဝဏ်လွှာကို ရန်ကုန်က ဂျပန်သံအမတ်ဆီ ပေးပို့ခဲ့တယ်လို့ ရှေ့နေ ဦးဉာဏ်ဝင်းက အတည်ပြု ပြောကြားကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် နျူကလီးယား စက်ရုံတွေရဲ့ လုံခြုံစိတ်ချရမှုအပေါ် ကမ္ဘာ့နိုင်ငံ အသီးသီးက စိုးရိမ်ပူပန်နေကြပါတယ်။

Image caption ဂျာမန် ဝန်ကြီးချုပ် Angela Merkel

ဂျာမဏီက သက်တမ်းကုန်ခါနီး နျူကလီးယား စက်ရုံတွေကို ဆက်သုံးသွားဖို့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် ပြန်လည်လေ့လာ သုံးသပ်တော့မယ်လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှာတော့ လုံခြုံရေးဆိုင်ရာ အသေးစိတ် လေ့လာသုံးသပ်မှုတွေ လုပ်နေတာကြောင့် ဆိုင်းထားရတဲ့ နျူကလီးယား စက်ရုံသစ် ဆောက်လုပ်ဖို့ အစီအစဉ်တွေကို ရပ်ဆိုင်းထားလိုက်ပြီလို့ သိရပါတယ်။

အီတလီမှာလည်း နျူကလီးယား စက်ရုံသစ် ဆောက်လုပ်ဖို့ နေရာသတ်မှတ်ဖို့ အတွက် အခုသီတင်းပတ် အတွင်း အစည်းအဝေး ကျင်းပဖို့ ရှိနေတာကြောင့် နျူကလီးယား ဆန့်ကျင်ရေး သမားတွေက အစိုးရအပေါ် ဖိအားပေးနေပါတယ်။

ဂျပန်နိုင်ငံမှာ ငလျင်ဒဏ် နဲ့ ဆူနာမီ ဒဏ် အကြီးအကျယ်ခံခဲ့ရပြီးတဲ့နောက် အစုရှယ်ယာနဲ့ ငွေကြေးစျေးကွက်တွေကို တည်ငြိမ်အောင် ဂျပန်ဘဏ်က မြန်မြန်ဆန်ဆန် ဆောင်ရွက်ခဲ့ပါတယ်။

ဘဏ်လုပ်ငန်း စံနစ်ကို အရေးပေါ် ရံပုံငွေ စတာလင် ပေါင် ၁၁၅ ဘီလီယျံ ပံ့ပိုးပေးခြင်းအားဖြင့် အခုလို အရေးပေါ်လိုအပ်ချိန်မှာ ဘဏ်တွေ အနေနဲ့ ဆက်ပြီး ငွေကြေး ချေးငှား နိုင်အောင် ဖြစ်ပါတယ်။

ဒါပေမဲ့ စီးပွားရေး ပညာရှင်တွေက အခု ကပ်ဘေးကြောင့် ကမ္ဘာ့ တတိယ အကြီးဆုံး စီးပွားရေးနိုင်ငံကြီးဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ယာယီ ရပ်ဆိုင်း သွားစေ မှာလို့ ပြောကြပါတယ်။

Image caption nissan ကုမ္ပဏီကြီးတွေလည်း ထိခိုက်

တိုယိုယိုတာ နီဆန်း ဟွန်ဒါ စတဲ့ ကားကုမ္ပဏီကြီးတွေ အပါအဝင် ကမ္ဘာ့အကြီးဆုံး ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတချို့ သူတို့ရဲ့ စက်ရုံတွေ အားလုံး ပိတ်ထားရပြီး ဘယ်တော့ ပြန်ထုတ်လုပ်နိုင်မယ်ဆိုတာက မရေရာသေးပါဘူး။

ဂျပန် စီးပွားရေး အပေါ် ငလျင်ဒဏ်က ဘယ်လောက် ထိခိုက် စေမလဲ ဆိုတာ ဘီဘီစီ သတင်းထောက် Chris Hogg က တိုကျိုမြို့ကနေ သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာ စီးပွားရေးအရ ဘယ်လောက် ထိခိုက် ဆုံးရှုံးတယ်ဆိုတာ အတိအကျ ပြောဖို့ သိပ်စောပါသေးတယ်။

ငလျင်ဒဏ်နဲ့ ဆူနာမီရေလှိုင်းဒဏ်ခံရတဲ့ ဒေသတွေဟာ လူဦးရေ သိပ်ထူထပ်တဲ့ နေရာတွေ မဟုတ်ပါဘူး။

ကုန်ထုတ်လုပ်မှု အရလည်း တနိုင်ငံလုံး စီးပွားရေးရဲ့ ၅ ရာခိုင်နှုံးလောက်တောင် မရှိပါဘူး။

ဒါပေမယ့် နိုင်ငံရဲ့ နျူကလီးယား ဓါတ်အားပေး စက်ရုံ ၅၅ ရုံအနက် တချို့က အဲဒီမှာ ရှိနေပါတယ်။

အဲဒီလို ရှိနေတဲ့ စက်ရုံတွေထဲက အတော်များများ အခြေအနေ ဆိုးနေပြီး တချို့ကို အန္တရာယ် ကင်း မကင်း စစ်ဆေးဖို့ ပိတ်ထားပါတယ်။

ဒီလို နျူးကလီးယားစက်ရုံတွေ ပိတ်ထားရတာကြောင့် လျှပ်စစ်ဓါတ်အား အလုံအလောက် မထုတ်လုပ်န်ုင်တဲ့အတွက် စီးပွားရေးတိုးတက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

အခု လောလောဆယ်မှာ ဂျပန်နိုင်ငံရဲ့ အဓိက ကားကုမ္ပဏီကြီးတွေနဲ့ အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတချို့က အစိုးရ လျှပ်စစ်စွမ်းအင် ချွေတာရေးကို ကူညီတဲ့အနေနဲ့ သူတို့ရဲ့ စက်ရုံတွေကို ပိတ်ပြီး ထုတ်လုပ်မှုကို ရပ်ထား လိုက်ပါတယ်။

Image caption နီကေး အစုရှယ်ယာ ၆ရာခိုင်နှုန်း ကျသွား

The Nikkei index ဟာ ငလျင်ဒဏ်ခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံး အရောင်းအဝယ်လုပ်တဲ့နေ့မှာ ၆ ရာခိုင်နှုံးကျော် ကျသွားပါတယ်။

ရင်းနှီး မြှပ်နှံ့သူတွေက ဂျပန်ကုမ္ပဏီတွေ ဘယ်လောက် ဆိုးဆိုးရွားရွား ထိခိုက် လိမ့်မယ်ဆိုတာကို မခန့်မှန်း နိုင်ကြပါဘူး။

ဂျပန်စီးပွားရေးဟာ ငလျင်ဒဏ် မခံရခင်ကတည်းက အခြေအနေ သိပ်မကောင်းဘဲ ရှိနေခဲ့တာပါ။

တိုကျိုမှာရှိတဲ့ ငွေကြေး ရင်းနှီးမြှတ်နှံမှု ဆိုင်ရာ JP Morgan ကုမ္ပဏီရဲ့ ဘောဂဗေဒပညာရှင် Masamichi Adachi က ပြန်လည် တည်ဆောက်ရေး အတွက် ဒေါ်လာ ဘီလီယျံနဲ့ချီပြီး လိုလိမ့်မယ်လို့ ပြောပါတယ်။

အစကတည်းက ဂျပန်အစိုးရ တင်နေတဲ့ကြွေးဟာ မိုးထိအောင် များနေပြီးသားမို့ အစိုးရအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ အလွန်ကို စိုးရိမ်နေပါတယ်။

ဒီတော့ ဂျပန်အစိုးရ အနေနဲ့ အနာဂတ်မှာ စီးပွားရေးကို တည်ငြိမ်အောင် ထိန်းဖို့ လုပ်ဖို့လိုတာက သေချာပါတယ်။

နောက်မျိုးဆက်အတွက် အခြေခံတွေ ဆုံးရှုံး သွားပါလိမ့်မယ်လို့ ဘောဂဗေဒ ပညာရှင် မဆာမီချီ အဒါချီ က ပြောပါတယ်။

ဂျပန်ဟာ ကမ္ဘာ့ တတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့ စီးပွားရေး တိုးတက်မှု ရဲ့ ၆ ရာခိုင်နှုံးလောက် ဖန်တီးပေးတဲ့ နိုင်ငံပါ။

ဒါဟာ ကမ္ဘာ့ စီးပွားရေးအတွက် နိုင်ငံ တနိုင်ငံ အနေနဲ့ နည်းတဲ့ ပံ့ပိုးမှု မဟုတ်ပါဘူး။

ဒီတော့ အခု ငလျင်ဒဏ်ကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးသွားမယ် ကျသွားမယ်ဆိုရင် ကျန်တဲ့ တမ္ဘာလုံးကိုလည်း ထိခိုက် နိုင်ပါတယ်လို့ ဘီဘိစီ သတင်းထောက် Chris Hogg က သုံးသပ်ထားပါတယ်။