ဂျပန် နျူ ဓါတ်ရောင်ခြည် အန္တရာယ်

  • 15 မတ် 2011
Reactor ဓာတ်ပုံ မူပိုင် nhk
Image caption ဓါတ်ပေါင်းဖို နံပါတ်သုံး ပေါက်ကွဲ စဉ်

ဒီနေ့မနက်စောစောက ပေါက်ခဲ့တဲ့ နျူကလီးယားစက်ရုံကတော့ ဖူကူရှီးမား ဒိုင်အိချိ ဖြစ်ပြီး ဒီစက်ရုံမှာ ဒုတိယမြောက် ဓာတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်ပေမယ့် ငလျင်လှုပ်ပြီးနောက်ဆိုရင်တော့ စုစုပေါင်း အနေနဲ့ ဆိုရင် တတိယမြောက် ပေါက်ကွဲခဲ့တာပါ။

ငလျင်ဒဏ်ကြောင့် ဒီစက်ရုံမှာ ရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖို ထိန်းချုပ်တဲ့ စနစ်ကို ထိခိုက်ပြီး ဓာတ်ရောင်ခြည်တွေက လေထုထဲကို ရောက်သွားပြီး စိုးရိမ်ရတဲ့ အနေအထားကို ရောက်လာတာပါ။

ဒီစက်ရုံမှာ ဓာတ်ပေါင်းဖိုလေးခုရှိပြီး နံပါတ် ၃ နဲ့ ၂ က ပေါက်ကွဲခဲ့သလို ဓာတ်ပေါင်းဖို နံပါတ်လေးမှာလည်း ဒီမနက်က မီးလောင်မှု ခေတ္တဖြစ်ပွားခဲ့ပါတယ်။

တကယ်တော့ ဒီဓာတ် ပေါင်းဖို ၄ က ငလျင်မလှုပ်ခင်ကတည်းက ပြင်ဆင်ဖို့ဆိုပြီး ခေတ္တပိတ် ထားခဲ့ပေမယ့် အဲဒီထဲမှာ အသုံးပြုပြီးသား လောင်စာခေျာင်းတွေ ရှိနေပါတယ်။

အခု ဒီစက်ရုံကြီးတစ်ခုလုံးကနေ ဓာတ်ရောင်ခြည်တွေ ယိုစိမ့်ပျံ့နှံမှုဟာ မနက်ကနေစာရင် ညနေပိုင်းမှာ လျော့နည်းလာတယ်လို့ ဂျပန်အစိုးရက စောစောလေးက ပြောခဲ့ပေမယ့် ဒီထက် ပိုဆိုးလာမလား စိုးရိမ်မှုတွေတော့ ရှိနေကြပါတယ်။

ဒါကြောင့် ဂျပန် အစိုးရက ဒီစက်ရုံနဲ့ ၁၂ မိုင်ပတ်လည်က လူတွေကို ရွေ့ပြောင်းဖို့ ပြောထားပြီး ၁၈ မိုင်ပတ်လည်အတွင်းက လူတွေ အနေနဲ့လည်း အိမ်ထဲမှာပဲ တံခါးပိတ်ပြီး လေလုံအောင် နေကြဖို့ ပြောထား တာပါ။

စက်ရုံနဲ့ ၁၈ မိုင်ပတ်လည်မှာ လေယဉ်မပျံသန်းရေးဇုံ အဖြစ်လည်း သတ်မှတ်ထားပါတယ်။

ဒီဓာတ် ရောင်ခြည်ဟာ မိုင် ၁၅၀ ကျော်ဝေးတဲ့ မြို့တော် တိုကျိုမြို့ထိ ရောက်နေပြီး ဂျပန်အာဏာပိုင် တွေကတော့ မြို့တော်မှာတော့ ကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။ နောက်ပြီး မြို့တော်ဘက်မှာ လေက ပင်လယ်ဘက်ကို တိုက်ခတ်နေတာကြောင့် စိုးရိမ်မှုတော့ နည်းနည်းလျော့လာပါတယ်။

ဖူကူရှီးမားစက်ရုံပတ်လည်မှာတော့ ဒီမနက်က ဓတ်ရောင်ခြည်ပမာဏဟာ တစ်နာရီကို ၄၀၀ မီလီဆီဗာတ် လောက် ထွက်နေတာ တွေ့ရတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီက ပြောပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတယ်ဆိုတာက တကယ်လို့ လူတစ်ယောက်ဟာ တစ်နှစ်ကို ဓာတ်ရောင်ခြည်ပမာဏ ၁၀၀ မီလီဆီဗာတ် နဲ့ ထိတွေ့ရှူရှိုက် မိရင်တောင် ကင်ဆင်ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဓာတ်ရောင်ခြည်သင့်မှု အနည်းအများပေါ်မူတည်ပြီး အသက်အန္တရာယ်က လည်း ဘယ်လောက်ကြီးသလဲဆိုတာ မူတည်ပါတယ်။ ဒီဓာတ်ရောင်ခြည် ကြောင့် အဖြစ်များတဲ့ ရောဂါကတော့ လူကီးမီးယားလို့ခေါ်တဲ့ သွေးကင် ဆာပါ။

ဒါပေမယ့် အဆုတ်၊ အရေပြား၊ လည်ပင်းမှာ ရှိတဲ့ သိုင်းရွိုက်၊ ရင်သား၊ အူ စတဲ့နေရာတွေမှာလည်း ကင်ဆာ ဖြစ်နိုင်တယ်လို့ဆိုတဲ့အတွက် လူတွေအနေနဲ့ စိုးရိမ်မှုတွေ များနေရတာ ဖြစ်ပါတယ်။