ဘာရိန်းမှာ ကာဖြူး အမိန့် ထုတ်ပြန်

  • 16 မတ် 2011
Bahrain ဓာတ်ပုံ မူပိုင် AFP
Image caption ပုလဲရင်ပြင်ဆီ သွားတဲ့ လမ်းတွေကို စစ်တပ်က ပိတ်ထားလိုက်

အခုအခါ ဘာရိန်းနိုင်ငံ မနားမားမြို့တော် နေရာ အတော်များများမှာ စစ်တပ်က ကာဖြူးအမိန့် ထုတ်ပြန် ထားတယ်လို့ အစိုးရ ရုပ်မြင်သံကြားမှာ ကြေညာသွား ပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေ သီတင်းပတ်ပေါင်းများစွာ စခန်းချ ဆန္ဒပြနေကြတဲ့ မနားမား မြို့တော် ပုလဲရင်ပြင်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တင့်ကားတွေနဲ့ ဝင်စီးပြီး လူအုပ်ထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြရာမှာ အနည်းဆုံး လူ၃ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အစိုးရ ရုပ်မြင်သံကြားမှာတော့ ရဲ ၂ဦး သေဆုံးခဲ့တယ်လို့ ကြေညာသွားပါတယ်။

ဘာရိန်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ ဆန္ဒပြ လူအုပ်ကြီးကို ဖြိုခွင်းခဲ့သူတွေထဲမှာ တခြား ပင်လယ်ကွေ့ နိုင်ငံက စစ်သားတွေ ပါမပါ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

ဆန္ဒပြသူတွေက ပုလဲရင်ပြင်တဝိုက်မှာ အတားအဆီးတွေနဲ့ ပိတ်ဆို့ထားပေမဲ့ တင့်ကားတွေ၊ မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်ကြီးတွေနဲ့ ဝင်စီးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ ပြန်တွန်းလှန်နိုင်စွမ်း မရှိခဲ့ကြပါဘူး။

လုံခြုံရေး တပ်ဖွဲ့တွေ ဝင်စီးတဲ့အချိန် ပုလဲ ရင်ပြင်ပေါ်မှာ မီးခိုးလုံးကြီးတွေ ထွက်လာနေပြီး ရဟတ်ယာဉ်တွေလည်း ဝေဟင်မှာ ဝဲနေတာကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက် Caroline Hawley က ပြောပါတယ်။

ပုလဲရင်ပြင်ဆီ သွားတဲ့ လမ်းမတွေပေါ်မှာလည်း အဓိကရုဏ်း ရဲတွေ ချထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ပုလဲရင်ပြင်ဆီ သံချပ်ကာကားကြီးတွေ ဝင်သွားပြီး နောက် နှစ်နာရီလောက် အကြာမှာ ရင်ပြင်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပြည့်အဝ ထိန်းချုပ်ထားလိုက်နိုင်ပုံ တွေ့ရတယ်လို့ ပြောပါတယ်။

မနက် ၇နာရီလောက်မှာ ရင်ပြင်ထဲ လုံခြုံရေး တပ်ဖွဲ့တွေ ဝင်လာပြီး မြင်မြင်ရာ ပစ်ခတ် ခဲ့တယ်လို့ ဆန္ဒပြသူတဦးက ပြန်ပြောပြပါတယ်။

ဆာလ်မာနီယာ ဆေးရုံကို လည်း စစ်တပ်က ဝိုင်းထားလိုက်ပြီး ဘယ်သူ့ကိုမှ ဆေးရုံထဲကနေ အဝင်အထွက် လုပ်ခွင့် မပြုဘူးလို့ အဲဒီကလာတဲ့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။

ဒဏ်ရာရသူတွေကို အခုအခါ ဗလီကျောင်းတွေ၊ ဒါမှမဟုတ် အိမ်တွေမှာပဲ ကုသပေး နေရတယ်လို့ သိရပါတယ်။

အဲဒီ ဆေးရုံ အဆောက်အအုံထဲမှာ လက်နက်ကိုင် စစ်သားတွေ အပြည့်ရှိနေပြီး မြင်မြင်သမျှကို ပစ်ခတ်နေတာမို့ ခွဲစိတ်ခန်းထဲ ဝင်ပုန်းနေရပါတယ်လို့ အဲဒီ ဆေးရုံက ဆရာဝန်မ တဦးက ပြောပြပါတယ်။

မြို့ရဲ့ တခြားနေရာတွေမှာလည်း ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ရထားပေမဲ့ အရေအတွက် အတိအကျ ပြောဖို့ ခက်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။