နျူကလီးယား စက်ရုံ အမှတ် ၄ မီးထပ်လောင်ပြန်ပြီ

  • 16 မတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption နျူကလီးယား လောင်စာချောင်း သိုမှီးထားပုံ

ဂျပန်နိုင်ငံမှာ သောကြာနေ့တုန်းက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီဒဏ် ကြောင့် ပျက်ဆီးသွားတဲ့ နျူကလီးယား စက်ရုံမှာ မီးလောင်မှု ထပ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။

အသုံးပြုပြီးသား နျူကလီးယား လောင်စာချောင်းတွေ ထားတဲ့ စက်ရုံမှာ မီးလောင်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

အဲဒီ သိုလှောင်ရေး အဆောက်အဦမှာ အပူချိန် မြင့်တက် ဆူပွက်လာပြီး နောက်ထပ် ရေဒီယို သတ္တိကြွ ဓါတ်ရောင်ခြည် စိမ့်ထွက်မှု ဖြစ်နိုင်တယ်လို့ ကျိုဒို သတင်းဌာန က ဆိုပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်လို့ ကုမ္ပဏီက အတည်ပြု ပြောကြားခဲ့ပြီး ဒေသဆိုင်ရာ မီးသတ်ဌာနကို အကြောင်းကြားခဲ့သလို နောက်ထပ် သတင်း အချက်အလက် တွေလည်း ရယူနေပါတယ်လို့ ဒေသ စံတော်ချိန် မနက်ရနာရီမှာ NHK သတင်းမှာ ကြေညာသွားခဲ့ပါတယ်။

ဒီ အဆောက်အအုံ ထဲမှာ ဓါတ်ရောင်ခြည်တွေ အလွန်အမင်း ပျံ့နှံ့နေတာကြောင့် ဝင်လို့ မရ ဖြစ်နေတယ်လို့ စက်ရုံ လည်ပတ်ရေး တာဝန်ယူထားတဲ့ ကုမ္ပဏီက ပြောပါတယ်။

အစောပိုင်းတုန်းကလည်း နျူကလီးယား စက်ရုံတွေမှာ မီးလောင်မှု ထပ်မဖြစ်အောင် ကာကွယ်ဖို့ အအေးပေး စနစ် ပြန်အလုပ်လုပ် လည်ပတ်အောင် ကြိုးစား နေတယ် လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဓါတ်ရောင်ခြည် တိုင်းတာမှု ကိရိယာ

ဓါတ်ရောင်ခြည် သင့်မှု တဖြည်းဖြည်း လျော့ကျလာပေမယ့် ပုံမှန်တော့ မဖြစ်သေးဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ဂျပန် ဝန်ကြီးချုပ် Naoto Kan နဲ့ နိုင်ငံတကာ အနုမြူ အေဂျင်စီတို့က ထုတ်ပြန် ပြောကြားခဲ့ပြီး အချိန်မီ တိတိကျတဲ့ သတင်း အချက်အလက်တွေ ထုတ်ပြန်ပေးဖို့ ပန်ကြား ထားပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဓါတ်ရောင်ခြည် သင့်မှု အဆင့်ဟာ နည်းနည်းချင် တက်လာနေပေမယ့် ဖြစ်နေတဲ့ အခြေအနေအပေါ် လူတွေကတော့ ထိတ်လန့် တုန်လှုပ်မှု သိတ်မတွေ့ရဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဖူကူရှီးမား နျူကလီးယား စက်ရုံတောင်ပိုင်း ကီလိုမီတာ ၂၅ဝကျော်သာဝေးတဲ့ တိုကျိုမြို့က လှုပ်ရှားသွားလာမှုတွေကတော့ ပုံမှန် အတိုင်းပါဘဲလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တိုကျိုက ကုန်တိုက်တွေမှာ စားစရာတွေ ပြတ်လပ်နေ

စျေးဆိုင်တွေ ရုံးတွေဟာ ပုံမှန် အတိုင်းဖွင့်ခဲ့ပေမယ့် လူတွေဟာ အစားအသောက် ကုန်ခြောက်နဲ့ လောင်စာ ဓါတ်ဆီတွေ အများအပြား ဝယ်စု နေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

လမ်းပေါ်မှာတော့ ကားတွေ အနည်းငယ်သာ တွေ့ရပြီး နိုင်ငံခြားသား အများစု ဟာ နိုင်ငံထဲက စတင် ထွက်ခွာ နေကြပြီလို့ သိရပါတယ်။

အစောပိုင်းတုန်းကလည်း တိုကျိုကို ပျံသန်းမယ့် ဥရောပနဲ့ အာရှက လေကြောင်းလိုင်း အတော်များများက ခရီးစဉ် ဖျက်သိမ်းခဲ့တယ်လို့ သတင်း ရရှိပါတယ်။

သောကြာနေ့ တုန်းက ငလျင်နဲ့ ဆူနာမီဒဏ် ခံခဲ့ရတဲ့ ဂျပန်နိုင်ငံမှာ ဒုက္ခသည် တွေရဲ့ နေရေး စားရေး အကူအညီတွေ ဖြည့်တင်းပေးနိုင်ဖို့ ရုန်းကန် ကြိုးစား နေရဆဲ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လူပေါင်း သန်းတဝက် လောက်ဟာ ယာယီ ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေကြရပြီး အဲဒီမှာ ရိက္ခာ ၊ ရေနဲ့ စွမ်းအင်လောင်စာ ပြတ်လပ်မှုတွေနဲ့ ကြုံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမှာ ရာသီဥတု အခြေအနေကလည်း အေးခဲနေကာ လာမယ့် ရက်တွေ အတွင်း နှင်းကျမယ်လို့ မိုးလေဝသ ခန့်မှန်း ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

လူပေါင်း သုံးထောင် ငါးရာလောက် နီးပါး သေဆုံးကာ အများအပြားလည်း ပျောက်ဆုံး နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံပေါင်း ၉၉ နိုင်ငံက လူမှုကယ်ဆယ်ရေး အကူအညီတွေ ဖြစ်တဲ့ ခြုံစောင် ၊ အနံခံ ခွေးတွေနဲ့ စစ်ရဟတ်ယာဉ်တွေနဲ့ ကူညီပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပ သမဂ္ဂ ကလည်း ဒေသတွင်း နျူကလီးယား စက်ရုံတွေ စစ်ဆေးတော့မယ်

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယား စွမ်းအင်ထုတ် စက်ရုံတွေမှာ ပေါက်ကွဲ ဓါတ်ရောင်ခြည် ပြန့်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဥရောပ တလွှားမှာ ရှိတဲ့ နျူကလီးယား စက်ရုံတွေကို ခံနိုင်ရည်နဲ့ အန္တရာယ် ကာကွယ်ရေး ဆိုင်ရာ စွမ်းရည် စစ်ဆေးဖို့ ဥရောပ သမဂ္ဂက တိုင်းပြည်တွေက သဘောတူ လိုက်ကြ ပါပြီ။

အခုနှစ်ကုန်မှာ စစ်ဆေးမှုတွေ လုပ်တော့မယ်လို့ စွမ်းအင် ဆိုင်ရာ ကော်မရှင်နာ မင်းကြီးက ပြောပါတယ်။

အစောပိုင်းတုန်း ကလည်း လာမယ့် သုံးလအတွင်း သက်တမ်း ကုန်တော့မယ် ဂျာမဏီက နျူကလီးယား စက်ရုံတွေကို ရပ်ထားပြီး ဘေးအန္တရာယ်ကင်း လုံခြုံမှု ရှိမရှိ စစ်ဆေးမယ်လို့ သိရပါတယ်။

အဲဒီစက်ရုံတွေကို ပြန်လည်ပတ် အသုံးပြုဖို့ သိတ်မသေချာတော့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

ရုရှား ကလည်း သူ့နိုင်ငံထဲက နျူကလီးယား စက်ရုံတွေကို ပြန်လည် သုံးသပ် စစ်ဆေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။