လစ်ဗျားကို အရေးယူဖို့ ကုလ ဆုံးဖြတ်

  • 18 မတ် 2011

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက လစ်ဗျားကို အရေးယူမယ့် ဆုံးဖြတ်ချက်ကို ကြာသပတေးနေ့က မဲခွဲပြီး ချမှတ်လိုက်ပါပြီ။

ဓာတ်ပုံ မူပိုင် AP
Image caption ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိ နဲ့ ဆုံးဖြတ်ချက် ကျ

လစ်ဗျားခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီက သူ့ကို ဆန့်ကျင်နေသူတွေကို လေကြောင်းက အပါအဝင် တပ်အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ချေမှုန်းနေတာတွေ ချက်ခြင်းရပ်ဖို့ ဒီဆုံးဖြတ်ချက်က တောင်းဆိုလိုက်ပြီး လစ်ဗျားလေယာဉ်တွေ ပျံသန်းခွင့် ကိုလည်း တားမြစ်လိုက်ပါတယ်။

နောက်ပြီး လစ်ဗျားပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာ မှန်သမျှ လုပ်နိုင်ခွင့်ကိုလည်း အခု ဆုံးဖြတ်ချက်က ပေးလိုက် ပါတယ်။ ဒါဟာ လိုအပ်ရင် နိုင်ငံတကာ တပ်တွေက လစ်ဗျားတပ်တွေကို လေကြောင်းက တိုက်ခိုက်ခွင့်ကို ပါပေးလိုက်တာပါ။ ဒါကြောင့် လေကြောင်းကဖြစ်ဖြစ် ပင်လယ်ထဲမှာရှိတဲ့ သင်္ဘောကနေဖြစ်ဖြစ် လစ်ဗျားအစိုးရ ပစ်မှတ်တွေကို နိုင်ငံတကာ တပ်တွေက ပစ်ခတ် တိုက်ခိုက်နိုင်မှာပါ။

ဒါပေမယ့် လစ်ဗျားနိုင်ငံထဲကို မြေပြင်တပ်တွေ လွှတ်ပြီး ဝင်တပ်စွဲ တိုက်ခိုက်တာကိုတော့ ခွင့်မပြုထားပါဘူး၊ နောက်ပြီး အရေးယူမှု တွေကို ဒေသတွင်းက အဖွဲ့အစည်းဖြစ်တဲ့ အာရပ်အဖွဲ့ချုပ်နဲ့ တိုင်ပင်ပြီး လုပ်ဆောင်သွားဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။

လုံခြုံရေးကောင်စီမှာ မဲခွဲကြတဲ့အခါ ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်နဲ့ ရုရှားက ကန့်ကွက်မလားဆိုပြီး အစောပိုင်းက ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်၊ တကယ်တန်း မဲခွဲတော့ ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိပဲ မဲမပေးပဲ နေခဲ့တဲ့ နိုင်ငံက ၅ နိုင်ငံရှိခဲ့ပါတယ်။ တရုတ်၊ ရုရှား၊ ဂျာမနီ၊ ဘရာဇီးနဲ့ အိန္ဒိယတို့က မဲမပေးပဲ နေခဲ့ကြပါတယ်။

အခု ဆုံးဖြတ်ချက်ကျပြီဆိုတော့ လိုအပ်ရင် နာရီပိုင်းအတွင်း ဗြိတိန်နဲ့ ပြင်သစ်တပ်တွေက လစ်ဗျားကို တိုက်ဖို့ အသင့်ရှိနေကြပြီလို့ စစ်ဖက် အသိုင်းအဝိုင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အောင်ပွဲခံနေတဲ့ သူပုန်တွေ

အမေရိကန်တွေက ပထမပိုင်းမှာတော့ သူတို့ဦးဆောင်ပြီး လစ်ဗျားကို တိုက်တယ်လို့ ယူဆခံရမှာစိုးတဲ့ အတွက် ခပ်ရှောင်ရှောင် နေခဲ့ပါသေးတယ်၊ ဒါပေမယ့် မဲမခွဲခင်ကလေးမှာပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က လေကြောင်းက တိုက်ခိုက်တာတွေ မလွှဲမရှောင်သာ လုပ်ရလိမ့်မယ်လို့ ခပ်တင်းတင်း ပြောခဲ့ပါတယ်။

အခုလို အမြန်မဲခွဲ ဖြစ်ခဲ့တာကလည်း ဗိုလ်မှူးကြီး ကဒါဖီက အတိုက်အခံတွေ တပ်စွဲထားတဲ့ ဘင်ဂါဇီမြို့ကို အပြင်းအထန် တိုက်တော့မယ်လို့ ကြုံးဝါးနေတာက တကြောင်း ပါနိုင်ပါတယ်။

လစ်ဗျား အတိုက်အခံတွေကတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။

အခု အချိန်အထိ နိုင်ငံတကာကို အာခံနေခဲ့တဲ့ ကဒါဖီ ကိုယ်တိုင်ကတော့ နောက်ဆုတ်သွားမလား ဆိုတာကတော့ မသေချာသေးပါဘူး။