လစ်ဗျားကို ဝင်တိုက်ရင် ဘာဖြစ်နိုင်မလဲ

  • 18 မတ် 2011

လစ်ဗျားနိုင်ငံကို နိုင်ငံတကာက စစ်ရေးနဲ့ ဖြေရှင်း ဖို့သင့်မသင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၀ မဲ ကြားနေ ၅ မဲနဲ့ စစ်ရေးနဲ့ ဝင်သင့်တယ်ဆိုတာ ထောက်ခံမဲ အသာနဲ့ ကြာသပတေးနေ့ မနက် စောစောကပဲ အတည်ပြု ခဲ့ပါတယ်။

အခုဆိုရင် လစ်ဗျား နိုင်ငံတွင်းကို နာရီပိုင်း အတွင်းလေကြောင်း ကနေ တိုက်ခိုက်ဖို့ ပြစ်သစ် အစိုးရက ပြောလာပါပြီ။

ဓာတ်ပုံ မူပိုင် Getty
Image caption လစ်ဗျားကို စစ်ရေး အရ ဆောင်ရွက်ခွင့် ပေးတာဟာ အန္တရာယ် ကြီးတဲ့ အကျိုးတွေ ဖြစ်လာနိုင်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ လစ်ဗျားနိုင်ငံတွင်းကို စစ်ရေး နည်းနဲ့ အရေးယူ လုပ်ဆောင်ခွင့် ပေးလိုက်တာ ကတော့ အတော်လေး ပြင်းထန်တဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်လာ နိုင်ပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ် ချက်ထဲက တစ်ခုဖြစ်တဲ့ လေယဉ် မပျံသန်းရေးဇုံ သတ်မှတ်ချက်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်တွေ ကနေ လေကြောင်း တိုက်ခိုက်ရေး လေယဉ်တွေ သုံးပြီး အထူးသဖြင့် ဘန်ဂါဇီမြို့ ပေါ်ကို ဗုံး မကြဲ နိုင်အောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ တိုက်ခိုက်မှူ တွေဟာ လေကြောင်း တစ်ခုထဲ တင် မဟုတ်ဘဲ မြေပြင်ကနေ တိုက်ခိုက်မှု တွေလည်း ရှိနေ ပါတယ်။

အခု ကုလ သမဂ္ဂ ဆုံးဖြတ်ချက်က မြေပြင်က ဗိုလ်မှူးကြီး ကဒါဖီရဲ့တပ်တွေကို နိုင်ငံတကာ တပ်တွေက ဝေဟင်က ဝင်ရောက် တိုက်ခိုက်ခွင့် ပေးထား ပါတယ်။

ဒါကြောင့် နိုင်ငံတကာ တပ်တွေရဲ့ စစ်ဆင်ရေးက နှစ်မျိုး ဖြစ်လာပါမယ်။

ပထမတစ်ချက် ကတော့ လေယဉ် မပျံသန်းရဇုံ အတွင်း လစ်ဗျား စစ်လေယဉ် တွေ မလာအောင် လုပ်ဖို့နဲ့ နောက်တစ်ခုက ဘန်ဂါဇီမြို့ ဆီကို ချဉ်းကပ်လာ မယ့် လစ်ဗျား အစိုးရ တပ်တွေကို တားဆီးဖို့ ဖြစ်ပါတယ်။

လောလောဆယ် အချိန်မှာတော့ ပြင်သစ်နဲ့ ဗြိတိန်တို့က သူတို့ရဲ့ တိုက်လေယာဉ်တွေ ပို့ဖို့ ပြင်ဆင် နေပေမဲ့ ဒီနှစ်နိုင်ငံ ကလည်း သူတို့တင် မဟုတ်ဘဲ တခြား အာရပ် နိုင်ငံတွေ ကလည်း သူတို့ တပ်တွေနဲ့ ဝင်ပြီး ပူးပေါင်းဖို့ ဆန္ဒ ပြင်းပြ နေကြ ပါတယ်။

တကယ်တမ်း ပြောရရင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဟာ အစိုးရနဲ့ အတိုက်ခံ သူပုန်တွေကြား အပစ်အခတ် ရပ်စဲဖို့နဲ့ ဗိုလ်မှူးကြီး ကဒါဖီ အနေနဲ့ စစ်ရေးထက် တခြား နည်းလမ်းသုံးပြီး ဖြေရှင်း စေဖို့အတွက် ဖိအား ပေးတာ ဖြစ်ပြီး နိုင်ငံတကာ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်လာခဲ့ ရင်တော့ အန္တရာယ် ကြီးတဲ့ အကျိုးဆက် တွေကတော့ ဆက်လက် ဖြစ်လာမယ့် သဘော ရှိပါတယ်။