ဂျပန်က အစားအစာတွေမှာ ဓာတ်ရောင်ခြည်တွေ့

  • 20 မတ် 2011
sendai ဓာတ်ပုံ မူပိုင် Other
Image caption sendai မြို့မှ အသီး အနှံ ဝယ်ယူနေကြသူများ

ဂျပန် နိုင်ငံ ဖူကူရှီးမား က ပျက်စီး သွားတဲ့ နျူကလီးယား ဓာတ်အား ပေးစက်ရုံ ကနေ ကီလိုမီတာ ၃၀ အပြင်ဘက်မှာ ရှိတဲ့ နို့နဲ့ ဟင်းသီး ဟင်းရွက် တချို့မှာ ရေဒီယို ဓာတ်ရောင်ခြည် သင့်နေတာ တွေ့ရှိခဲ့ပြီး နောက် ဖူကူရှီးမားက အစားအသောက် တွေ ရောင်းချမှု အားလုံးကို အစိုးရက ခဏ တားဆီး ထားပါတယ်။

ပြီးခဲ့တဲ့ အပတ်က တိုကျိုမှာ စတိုး ဆိုင်တွေ ကနေ အစား အသောက်တွေကို အလု အယက် ဝယ်ယူ ခဲ့တဲ့ အတွက် ပြောင်သလင်းခါ သွားတဲ့ စတိုးဆိုင် တွေမှာ ခုတော့ ပစ္စည်းတွေ ပြန်ရောက် လာပါပြီ။

ဒါပေမယ့် ဂျပန် အစိုးရ အတွင်းဝန်ချုပ် ယူကီယို အီဒါနိုကတော့ ခုရက်ပိုင်း အတွင်းမှာ အစား အသောက်တွေနဲ့ ပတ်သက်ပြီး စားသုံးသူတွေကို ခုလို သတိပေးနေပါတယ်။

ဖူကူရှီးမားနဲ့ အီဘရာကီက လာတဲ့ နွားနို့နဲ့ ဟင်းသီး ဟင်းရွက်တချို့မှာ အစားအသောက် ဘေးအန္တရယ် ကင်းရှင်းရေးဆိုင်ရာ ဥပဒေတွေက ခွင့်ပြုထားတဲ့ ရေဒီယို ဓာတ်ရောင်ခြည် ပမာဏထက် များတဲ့ ဓာတ်ရောင်ခြည်တွေ တွေ့ရတယ် ဆိုတဲ့ သတင်းတွေ ရထားတယ်လို့ အစိုးရ အတွင်းဝန်ချုပ်က ပြောသွားပါတယ်။

ပျက်စီးသွားတဲ့ နျူကလီးယား စက်ရုံကနေ ကီလိုမီတာ ၃၀ အကွာထိကို လောလောဆယ် ကန့်သတ်နယ်မြေ သတ်မှတ်ထားပြီး ခုဆိုရင် ဒီကန့်သတ်နယ်မြေ အပြင်ဘက်က အစားအသောက် ထုတ်တဲ့ စက်ရုံတွေက ထွက်ကုန်တွေမှာ ဓာတ်ရောင်ခြည်သင့်နေတာကို တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် တိုကျိုမြို့က ဘုံပိုင်ကလာတဲ့ ရေမှာလည်း ဓာတ်ရောင်ခြည် ထုတ်လွှင့်နိုင်တဲ့ အိုင်အိုဒင်း အိုင်စိုတုပ်တွေကို တွေ့ခဲ့ရပါတယ်။

လောလောဆယ် တွေ့ရတဲ့ ဓာတ်ရောင်ခြည် ပမာဏဟာ မပြောပ လောက်ဘဲ လူ့ ကျန်းမာရေးကို မထိခိုက် နိုင်ဘူးလို့ အစိုးရက ပြောနေပြီး လူတွေကလည်း သိပ်စိုးရိမ်ပုံ မရကြပါဘူး။

ဒါပေမယ့် ဂျပန် ပစ္စည်းတွေကို ဝယ်ယူတင်ပို့နေတဲ့ ပြည်ပ နိုင်ငံတွေမှာတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အထူးသဖြင့် တရုတ်၊ တိုင်ဝမ်၊ တောင်ကိုရီးယား၊ ထိုင်းနဲ့ ဟောင်ကောင် နိုင်ငံတွေမှာ ဂျပန်က လာတဲ့ အစားအသောက်တွေကို စစ်ဆေး ကြပ်မတ်တာတွေ ပိုလုပ်လာပါတယ်။