လစ်ဗျားအပေါ် ဒုတိယနေ့မြောက် တိုက်ခိုက်

  • 20 မတ် 2011

အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေက လေကြောင်းနဲ့ စစ်သင်္ဘောတွေ ကနေ လစ်ဗျားနိုင်ငံ ကဒါဖီတပ်ဖွဲ့တွေ အပေါ် ဒုတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လေယာဉ် ၁၈ စင်းနဲ့ အရုဏ်တက်ချိန်မှာ လစ်ဗျားနိုင်ငံ ပစ်မှတ်တွေအပေါ် ဗုံးကြဲ

သက်ဆိုင်ရာနိုင်ငံအလိုက် စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေက သူတို့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဖေါ်ပြပေးနေကြရာ အမေရိကန်ကတော့ ဗိုလ်မှူးကြီးကဒါဖီရဲ့ မြေပြင်တပ်ဖွဲ့တွေနဲ့ လေတပ်စခန်းတွေကို စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပန်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

ရေဒါနဲ့ဖမ်းလို့မရတဲ့ ဗုံးကြဲလေယာဉ်တွေ အပါ အဝင် အနည်းဆုံး လေယာဉ် ၁၈ စင်းနဲ့ အရုဏ်တက်ချိန်မှာ လစ်ဗျားနိုင်ငံ ပစ်မှတ်တွေ အပေါ် ဗုံးအလုံး ၄၀ လောက် ကြဲချ ခဲ့တယ်လို့ အမေရိကန် စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးကြီး Frinklin Childress က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် တိုက်လေယာဉ်တွေက လစ်ဗျား ပစ်မှတ်တွေအပေါ် ဗုံးအလုံး ၄၀ လောက် ကြဲချ

ဗြိတိန်၊ အမေရိကန် ရေတပ်ဖွဲ့တွေကတော့ ခရုစ် ဒုံးကြည်တွေနဲ့ လစ်ဗျား လေတပ်စခန်းတွေကို ပစ်ခတ်ခဲ့ပြီး၊ ပြင်သစ်နဲ့ ဗြိတိန် တိုက်လေယာဉ် တွေဟာလည်း တိုက်ခိုက်မှုတွေမှာ ပါဝင်ကြ ပါတယ်။

သူပုန်တွေ အဓိက ထိန်းချုပ်ထားတဲ့ ဘန်ဂါဇီမြို့ ကို ကဒါဖီတပ်ဖွဲ့တွေ ဦးတည်သွားတဲ့ လမ်းပေါ် မှာတော့ အလောင်းတွေနဲ့ မီးလောင်ပျက်ဆီး နေတဲ့ စစ်ယာဉ်တွေကို တွေ့ရတယ်လို့ ရိုက်တာ သတင်းထောက်က သတင်းပေးပို့ပါတယ်။

အမေရိကန် ကာကွယ်ရေးဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန်ကတော့ ကုလသမဂ္ဂ ဆုံးဖြတ်ခဲ့တဲ့ လစ်ဗျားနိုင်ငံအပေါ် လေယာဉ် မပျံသန်းရေး ဇုန် သတ်မှတ်ရေးဟာ အခုတော့ စတင် အသက်ဝင်နေပြီလို့ ပြောပါတယ်။

ဘန်ဂါဇီမှာ ရှိတဲ့ ကဒါဖီတပ်တွေကို တားဆီးထားလိုက်ပြီလို့ လည်း သူကပြောပါတယ်။ ဒါပေမယ့် သေကျေ ထိခိုက်မှု အကြောင်းတော့ သူက ပြောဆိုခြင်းမရှိပါဘူး။

အကြမ်းဖက်လုပ်ရပ်

ဓာတ်ပုံ မူပိုင် 1
Image caption အနောက်အုပ်စု နိုင်ငံတွေဟာ အရှုံးနဲ့သာ ရင်ဆိုင် ရမယ်လို့ ကဒါဖီက ပြောပါတယ်

ဗိုလ်မှူးကြီးကဒါဖီကတော့ အခုလို မဟာမိတ် တပ်ဖွဲ့တွေရဲ့ လစ်ဗျားနိုင်ငံ အပေါ် တိုက်ခိုက်မှု တွေဟာ အကြမ်းဖက်မှု လုပ်ရပ်ဖြစ်တယ်လို့ ရှုတ်ချလိုက်ပြီး၊ မဟာမိတ်တွေဟာ အရှုံးနဲ့ ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။

နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ဗိုလ်မှူးကြီး ကဒါဖီရဲ့ မိန့်ခွန်းကို ထုတ်လွှင့်သွားရာမှာ လစ်ဗျား ပြည်သူတွေအားလုံးကို လက်နက် တပ်ဆင်ထားပြီး၊ လစ်ဗျား ရေနံတွေကို ထိန်းချုပ်လိုတဲ့ အနောက်နိုင်ငံတွေကို ကာကွယ်တားဆီးရေး ရေရှည်စစ်ပွဲအတွက် ပြင်ဆင် နေတယ်လို့ ပြောပါတယ်။

ဒီတိုင်းပြည်မှာ ရှိတဲ့သူ ဒီနိုင်ငံကို ပိုင်ဆိုင်သူတွေဟာ ဒီတိုက်ပွဲကို အနိုင်ရမှာ ဖြစ်တယ်လို့ ကဒါဖီက ပြောကြားပါတယ်။

မဟာမိတ်တို့ရဲ့ လေကြောင်းနဲ့ ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၅၀ နီးပါး သေဆုံးသွားတယ်လို့ လစ်ဗျားအာဏာပိုင်တွေက အစောပိုင်းက ပြောပါတယ်။

ဒါပေမယ့်လို့ ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အတည်ပြုချက်တော့ မရရှိ ပါဘူး။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကတော့ လစ်ဗျားကနေ လူပေါင်း ၄၀၀၀ လောက်ဟာ အီဂျစ်နိုင်ငံဖက်ကို မနေ့က ထွက်ပြေးလာကြတယ်လို့ ပြောပါတယ်။