လစ်ဗျားလေကြောင်းတိုက်ခိုက်မှု ကဒါဖီရဲ့ အိမ်ကိုထိ

  • 21 မတ် 2011
French ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျားမှာတိုက်နေတဲ့ ပြင်သစ်တိုက်လေယာဉ်

လစ်ဗျားက အစိုးရတပ်တွေကို လေကြောင်း ကနေ ဒုတိယမြောက်ညအဖြစ် တိုက်ခိုက် ခဲ့တဲ့ အနောက်နိုင်ငံတွေရဲ့ ညွန့်ပေါင်း တပ်တွေဟာ ‌လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီနေတဲ့ နေရာနဲ့ သူ့ရဲ့ စစ်ထိန်းချုပ် စခန်းတစ်ခုကို ထိမှန်အောင် ပစ်ခတ်ခဲ့ပါတယ်။

မြို့တော် ထရစ်ပိုလီက ဘတ်ဘ် အယ်လ် အဇိဇိယ ခြံဝင်းအတွင်းက လေးထပ် အဆောက်အအုံကြီးတစ်ခုဟာ တော်တော်လေးပျက်စီးသွားတယ်လို့ အဲဒီနေရာကို ရောက်ခဲ့တဲ့ သတင်းထောက်တွေက ပြောပါတယ်။

အခုလို ဗိုလ်မှူးကြီး ကဒါဖီရဲ့ နေအိမ်ကိုပါ ပစ်ခတ်ဗုံးကြဲခဲ့တဲ့အတွက် ညွန့်ပေါင်းတပ်တွေရဲ့ လေကြောင်းရန်ကနေ ခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီလည်း လွတ်ကင်းလို့ မရှိနိုင်ဘူးဆိုတာ သတိပေးလိုက်တာပဲလို့ ထရစ်ပိုလီမှာ ရှိတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် ဗြိတိန်နဲ့ ပြင်သစ်တို့ကတော့ သူတို့အနေနဲ့ ဗိုလ်မှူးကြီး ကဒါဖီကို ပစ်မှတ်ထားပြီး တိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ လစ်ဗျား ပြည်သူတွေကို ကာကွယ်ဖို့အတွက်ပဲ စစ်ရေးအသုံးပြုတာကို ခွင့်ပြုပြီး လစ်ဗျားခေါင်းဆောင်ကို တိုက်ခိုက်ဖို့ ခွင့်ပြုမထားဘူးလို့ ဗြိတိန်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဆာ ဒေးဗစ် ရစ်ချက်စ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ဗြိတိန်ရဲ့ တော်နေးဒိုးတိုက်လေယဉ်

လစ်ဗျားက ဗြိတိန်တပ်တွေကတော့ သူတို့ ပစ်မှတ်ထားတဲ့ နေရာတွမှာ အရပ်သားတချို့ တွေ့ရတဲ့အတွက် လေကြောင်း တိုက်ခိုက်မှု တွေကို ဒုတိယ မြောက်ညမှာ ခေတ္တ ရပ်ထား လိုက်တယ်လို့ ပြောပါတယ်။

ယမန်နေ့ညနှောင်းပိုင်းက Storm Shadow လို့ ခေါ်တဲ့ စစ်ဆင်ရေးမှာ တော်နေးဒိုး တိုက်လေယာဉ်နဲ့ တိုက်ခိုက်ဖို့ လုပ်ထားတဲ့ နေရာတွေမှာ မပစ်ပဲ ရပ်ထားတာ ဖြစ်တယ်လို့ ဗြိတိသျ ဗိုလ်ချုပ် ဂျွန် လောရီမာက ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက သူတို့ ပစ်မှတ်ထားတဲ့နေရာ ဘယ်နေရာလဲဆိုတာကိုတော့ မပြောပါဘူး။

ဗြိတိသျကာကွယ်ရေးဝန်ကြီးဌာနကနေ သူ့ရဲ့ RAF စစ်လေယဉ်တွေကို လစ်ဗျားကနေ အသွားအပြန် မိုင် ၃၀၀၀ လောက်ဝေးတဲ့ အင်္ဂလန်က အခြေစိုက်စခန်းကို ပြန်ခေါ် ထားတယ်လို့ ပြောပါတယ်။

အာရပ်နိုင်ငံများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် အမီယာ မူဆာက သူ့အနေနဲ့ လစ်ဗျားအစိုးရအပေါ် စစ်ရေးအရ ကုလသမဂ္ဂဘက်က အရေးယူတာကို အသိအမှတ်ပြု လေးစားပါတယ်လို့ ပြောပါတယ်။

အရင်နေ့တုန်းကတော့ သူက ကုလသမဂ္ဂရဲ့ စစ်ရေးဆုံးဖြတ်ချက်နဲ့ တိုက်နေကျတဲ့ အဖွဲ့တွေဟာ ကုလသမဂ္ဂရဲ့ လေယာဉ်မပျံသန်းရေဇုံလုပ်ပိုင်ခွင့်ထက် ကျော်နေပြီလို့ ပြောခဲ့ပါတယ်။

သူဟာ ကိုင်ရိုမြို့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ဘေးချင်း ထိုင်လျက် ရှိစဉ်မှာ ပြောလိုက်တာပါ။

မစ္စတာ ဘန်ကီမွန်းကတော့ နိုင်ငံတကာအနေနဲ့ လစ်ဗျားအရေးအပေါ် လုပ်ဆောင်တဲ့အခါ တစ်သံတည်းထွက်ပြီး လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။